Monday, January 7, 2013

ဆရာကြီးပါရဂူ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့သတိရပွဲ စည်ကားစွာကျင်းပခဲ့

ဆရာကြီးပါရဂူ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့သတိရပွဲ စည်ကားစွာကျင်းပခဲ့

စာပေပညာရှင် ဆရာကြီးပါရဂူ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့ သတိရတဲ့အနေနဲ့ စာပေဟောပြောပွဲ၊ စာအုပ်ဈေးရောင်းပွဲနဲ့ တေး ဂီတ ဖျော် ဖြေပွဲတွေကို ဆရာကြီးတည်ထောင်ခဲ့တဲ့ ပါရဂူရှန်တိနိကေတန် စာကြည့်တိုက် ထိန်းသိမ်းရေးကော်မတီမှ ဦးစီးပြီး ဇွန်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဗိုလ်တထောင်ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်ရှိ Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနား ပထမနေ့မှာ အလင်္ကာ ၀တ်ရည် မြန်မာသံတေးဂီတအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဒုတိယနေ့မှာ စာရေးဆရာ လယ်တွင်းသား စောချစ်၊ ဆရာဖေမြင့်နဲ့ ဆရာမဂျူးတို့က ဆရာကြီးပါရဂူ ရေးသားခဲ့တဲ့ စာအုပ်တွေနဲ့ ဆရာကြီးနဲ့ ဆက်နွှယ်တဲ့အမှတ်တရ အကြောင်းအရာ တွေကို ဟောပြောခဲ့ကြပါတယ်။

ဆရာကြီးရဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ရေးသားခဲ့တဲ့ စာအုပ်တွေ ကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။
ဒီအမှတ်တရပွဲဟာ ဆရာကြီးပါရဂူ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကို ရည်စူးတဲ့ အပြင် ပါရဂူရှန်တိနိကေတန်စာကြည့်တိုက်ကြီး ရေရှည်တည်တံ့အောင်မြင် အောင်၊ ဘဏ္ဍာငွေတိုးအောင်၊ ၀န်ထမ်း တွေကို လစာပုံမှန် ပေးနိုင်အောင်နဲ့ စာကြည့်တိုက်မှာ လိုအပ် နေတဲ့ စာအုပ် တွေ၊ စာအုပ်စင်တွေအတွက် ရန်ပုံငွေ တစ်ရပ်ဖြစ်စေဖို့လည်း ရည်ရွယ်ပြီး စီစဉ်ဖြစ်ခဲ့တယ်လို့ စာကြည့် တိုက်ထိန်း သိမ်းစောင့်ရှောက်ရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူးတာဝန်ယူထား တဲ့ ဦးရဲထက်က ပြောပါတယ်။
"ဆရာကြီး တည်ထောင်ခဲ့တဲ့ ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်ကို စာကြည့်တိုက်ထိန်းသိမ်းစောင့်ရှောက် ရေးကော်မတီနဲ့ ဆရာကြီးရေးသားခဲ့တဲ့ စာပေလက်ရာတွေအတွက် မူပိုင်ခွင့် ထိန်းသိမ်းရေးကော်မတီဆိုပြီး အဖွဲ့ နှစ်ဖွဲ့နဲ့ ဆက်လက်လုပ်ဆောင်နေပါ တယ်။ အခု ရန်ပုံငွေပွဲရဲ့ ရည်ရွယ်ချက်ကလည်း စာကြည့်တိုက်အတွက် ငွေပဒေ သာပင်ထားရှိပြီး ရလာတဲ့ဘဏ်တိုးနှုန်းနဲ့ စာကြည့်တိုက်ရဲ့ ကုန်ကျစရိတ်တွေ ကို ပြန်လည်ဖြည့်ဆည်းနိုင်အောင်ပါ"လို့ ဦးရဲထက်က ပြောပါတယ်။
ဒါကြောင့် စာရေးဆရာပေါင်းများ စွာ ပါဝင်ရေးသားထားတဲ့ 'ပါရဂူ' စာအုပ်ကိုလည်း အခမ်းအနားမှာ မိတ်ဆက်ရောင်းချခဲ့ပြီး ပွဲကျင်းပ ခဲ့တဲ့ နှစ်ရက်တာအတွင်း အလှူငွေကျပ် ၅၄ သိန်း ရရှိခဲ့တယ်လို့ သိရပါတယ်။
"ပြီးခဲ့တဲ့လက ဆရာကြီးကွယ်လွန် ခြင်းတစ်နှစ်ပြည့် အမှတ်တရအနေနဲ့ ဆရာကြီးရဲ့ လုပ်ဖော်ကိုင်ဖက်၊ တပည့် စာရေးဆရာ တော်တော်များများက ဆရာကြီးအတွက် အမှတ်တရဆောင်းပါး တွေ၊ ၀တ္ထုတိုတွေရေးကြတယ်။ အဲဒီထဲ ကမှ စာမူတချို့ကို ပြန်ရွေးထုတ်ပြီး 'ပါရဂူ'ဆိုတဲ့ စာအုပ်ကိုပြန်ထုတ်တာပါ။ ရောင်းဈေး ကျပ် ၃,၅၀၀ ပေမယ့် ဒီ နှစ်ရက်အတွင်းမှာတော့ တစ်အုပ်ကျပ် ၂,၈၀၀နဲ့ ရောင်းချပေးပါတယ်" လို့ ဦးရဲထက်က ပြောပါတယ်။
ဇွန်ပွင့်၊ သီဟရတနာ၊ တူဒေးစတဲ့ စာအုပ်တိုက်ပေါင်း ၂၀ ကျော်ကလည်း ပါဝင်ပူးပေါင်းပြီး စာအုပ်တွေ ရောင်းချ ခဲ့ကြပါတယ်။
ဆရာကြီးပါရဂူ ဦးစီးပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်ဟာ အမှတ် ၉၈၈/၉၉၀၊ ဦးပုညလမ်း (၁၆) ရပ်ကွက်၊ ရွှေပေါက်ကံမြို့သစ်မှာ တည်ရှိပြီး ဆရာကြီးပါရဂူဟာ ၂၀၁၁ ခုနှစ် ဧပြီ လ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ ပါတယ်။

No comments:

Post a Comment