Friday, August 20, 2010

ချင်းတိုင်းရင်းသားတို့၏သမိုင်း

ချင်းတိုင်းရင်းသားတို့၏သမိုင်း
မိုက်ခယ်(လ်)ဂရေဗာ(စ်) Friday, October 22, 2004 စာအုပ်စင်ကဏ္ဍ
E-mail Print
Share/Save/Bookmark

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းက ချင်းအမျိုးသားရေး ၀ါဒ၊ မြန်မာပြည် ခရစ်ယာန်သာသနာ နဲ့ မြန်မာ့သမိုင်းတွင် ချင်းလူမျိုးများရဲ့အခန်းကဏ္ဍ

စတာတွေနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း လေ့လာမှုတခု ပြုလုပ်ခဲ့တယ်။

မြန်မာပြည်ရဲ့ အစောပိုင်းကာလ ချင်းလူ့အဖွဲ့အစည်းဟာ လူမျိုးနွယ်စု (၆) စု၊ မျိုးနွယ်စုငယ် (၆၃) စု၊ ထိုမျိုးနွယ်စု အရေအတွက်နီးပါးရှိတဲ့ ဒေသသုံးဘာသာ စကားများနဲ့ ဖွဲ့စည်းထားတဲ့ ကွဲပြားနေတဲ့ လူမျိုးနွယ်စု လူ့အဖွဲ့အစည်း ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာအပေါ်အခြေခံတဲ့ တူညီတဲ့ အမျိုးသားရေးလက္ခဏာတရပ်ကို အခိုင်အမာပြောဆိုရင်း စုစည်းညီညွတ်တဲ့ ခေတ်သစ် လူမျိုးစုတခုအသွင် ပြောင်းလဲခဲ့တယ်။ ဒီနေ့ခေတ်မြန်မာနိုင်ငံရှိ ချင်းတိုင်းရင်းသား ၈၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။

လီရန် အိတ်ခ်ျ ဆပ်ခေါင် (Lian H. Sakhong) ရေးသားတဲ့ ချင်းတိုင်းရင်းသား တို့ရဲ့ ဇာတိလက္ခဏာရှာပုံတော် - ဘာသာရေး၊ နိုင်ငံရေး နဲ့ လူမျိုးရေး လက္ခဏာ တို့ကိုလေ့လာခြင်း စာအုပ်ဟာ ဒီပြောင်းလဲမှုကို ဆန်းစစ် လေ့လာထားပြီး လွတ်လပ်ရေးရပြီးကတည်းက ဘာသာရေး၊ လူမျိုးရေးနဲ့နိုင်ငံရေးတို့ တခုနဲ့တခု ဘယ်လို ဆက်စပ်ရောယှက်နေကြတယ်ဆိုတာ ကျွန်တော်တို့ကို ပိုမိုနားလည် သဘောပေါက်စေပါတယ်။

ကိုလိုနီခေတ်အကြို ချင်းလူ့အဖွဲ့အစည်းမှာ နိုင်ငံရေးနဲ့ဘာသာရေးအာဏာဟာ ထပ်တူထပ်မျှဖြစ်ပြီး မျိုးနွယ်စုအကြီးအကဲများနဲ့ မြင့်မြတ်သောဆွေမျိုးစုဝင် တွေရဲ့ လက်ထဲမှာသာ ရှိကြတယ်။ ရိုးရာနတ်ဘုရားများဟာ အိမ်ထောင်စုများနှင့် ဆွေမျိုးစုများကို ကာကွယ်စောင့်ရှောက် ကြပြီး နတ်ဆိုးများ မလာနိုင်အောင် လည်း တားဆီးပေးတယ်။ ကံကောင်းခြင်းကို သယ်ဆောင်လာပြီး ကြမ္မာဆိုးကို မောင်းထုတ်ဖို့ရန်အတွက် နတ်ဘုရားများကို တိရစ္ဆာန်များနဲ့ ယာဇ်ပူဇော်ရန် လိုအပ်တယ်။ ဘာသာရေးအရ သန့်ရှင်း စင်ကြယ်တယ်လို့ယူဆထားတဲ့ မြင့်မြတ် တဲ့ဆွေမျိုးနွယ်စုများမှ အကြီးအကဲများက ပြုလုပ်တဲ့ ဘာသာရေးဆုတောင်းပွဲ များဟာ ဆုတောင်းပွဲအတွက် အခွန်အခ ကောက်ခံရန် အခါအခွင့်ဖြစ်တယ်။ ရရှိတဲ့ဓနဥစ္စာကို ပြန်လည်ခွဲဝေဖြန့်ဖြူးဖို့နဲ့ သူတို့ရဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ အခွင့်အာဏာကို ပြသဖို့အတွက် မျိုးနွယ်စုအကြီးအကဲများဟာ ရွာသူရွာသားတွေအတွက် ဘာသာရေးအထိမ်းအမှတ် စားပွဲသောက်ပွဲများ စီစဉ်ကျင်းပပေးလေ့ရှိတယ်။

ရှေးရိုးစဉ်လာ ချင်းလူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ် ခွဲခြားထားတယ်။ ထိပ်ဆုံးအလွှာမှာ အဓိကအားဖြင့် မျိုးနွယ်စုထဲမှ ပေါက်ဖွားလာတဲ့ ဆွေမျိုးစုများနဲ့ အောက်ဆုံးအလွှာက စစ်ပွဲမှာ ဖမ်းဆီးမိတဲ့ ဒါမှမဟုတ် ကြွေးမဆပ်နိုင်တာကြောင့် ကျေးကျွန်အဖြစ် နေကြရသူများ ဖြစ်တယ်။ ဒေသခံတွေဟာ အပြင်လူစိမ်းတွေကို အမြဲတမ်းသံသယရှိကြပြီး သူတို့နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတယ်။ ဒါကြောင့် ဘယ်လူမျိုးစုအကြီးအကဲကမှ ချင်းလူမျိုးစုအားလုံးကို အုပ်ချုပ်နိုင်ဖို့ သူတို့ရဲ့ သြဇာအာဏာကို ချဲ့ထွင်နိုင်ခြင်း မရှိခဲ့ပါဘူး။

၁၈၇၁ ခုနှစ်မှာ အကြိမ်ကြိမ်ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ကျေးကျွန်စံနစ်ကျင့်သုံးခြင်းကို အဆုံးသတ်စေဖို့ ဗြိတိသျှတို့က ချင်းဒေသအနောက်ဖက်ပိုင်းကို ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ ယခုအခါ လူရှီး လို့ လူသိများတဲ့ဒေသဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ကို အိန္ဒိယသို့ ပြည်နှင်ဒဏ်ပေးပြီးနောက် ဆယ်စုနှစ်တခုခန့်အကြာ ပုန်ကန်ထကြွမှုကို
ငြိမ်ဝပ်ပိပြားသွားအောင်နှိမ်နှင်းတဲ့ ဗြိတိသျှတို့ရဲ့စစ်ဆင်ရေးကို ချင်းတောင်တန်းဒေသမှာ အပြင်းအထန်ခုခံတွန်းလှန်ရာမှ ချင်းလူမျိုးတွေ ညီညွတ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီလောက်နဲ့မရခဲ့ပါဘူး။ ဗြိတိသျှတို့ဟာ ရွာတွေနဲ့ ရိက္ခာ သိုလှောင်ရာနေရာ တွေကို မီးရှို့ ပြီး လယ်ယာလုပ်ငန်းတွေကို ဖျက်ဆီးခဲ့တယ်။ ချင်းတောင်တန်းဒေသကို ထိန်းချုပ်နိုင်ခဲ့တယ်။

၁၈၈၈ ခုနှစ်လောက်မှာ ပထမဆုံး နှစ်ခြင်းခရစ်ယာန်သာသနာပြုအဖွဲ့များ ၀င်ရောက်လာတော့ ချင်းတိုင်းရင်းသားတို့ နောက်တကြိမ် ခုခံကြပြန်တယ်။ အထူးသဖြင့် ဘာသာတရားအသစ်က သူတို့ရဲ့အာဏာကို လျော့ပါးသွားအောင်လုပ်မှာကို ကြောက်ရွံ့ကြတဲ့ ချင်းတိုင်းရင်းသားအကြီးအကဲများနဲ့ အခွင့်ထူးခံ ဆွေမျိုးနွယ်စုများက ခုခံကြခြင်းဖြစ်တယ်။ ချင်းတိုင်းရင်း သားတွေဟာ နာမကျန်းဖြစ်မှုနဲ့ ကံကြမ္မာဆိုးများမှ အကာအကွယ်ပေးတဲ့ သူတို့ရဲ့ဘာသာရေးဆုတောင်းပွဲများကို စွန့်လွှတ်ဖို့ မလိုလားကြဘူး။ အကြီးအကဲများက ဘာသာပြောင်းသွားသူများကို ခရစ်ယာန်ဘာသာကို ချက်ချင်း စွန့်လွှတ်ဖို့ ဖိအားပေး ကြတယ်။ သူတို့က သူတို့ရဲ့ကလေးတွေအတွက် နှစ်ခြင်းခရစ်ယာန်က ဖွင့်တဲ့ စာသင်ကျောင်းအသစ်များကိုတော့ သဘော ကျတယ်။ ဒါပေမယ့် ဗြိတိသျှတို့က ပထမဦးဆုံး ၀င်လာတဲ့ ခရစ်ယာန်သာသနာပြုအဖွဲ့များကို စစ်ရေးအကာအကွယ် ပေးရလောက်အောင် မုန်းတီးမှုတွေက ရှိနေဆဲပါ။

၁၉၁၇ ခုနှစ်မှ ၁၉၁၉ ခုနှစ်အထိ ဗြိတိသျှတို့ဟာ ပိုမိုပျော့ပျောင်းတဲ့ ချည်းကပ်မှုကိုကျင့်သုံးပြီး လူမျိုးစု အကြီးအကဲများရဲ့ အခွင့်အာဏာကိုလည်း စတင် အသိအမှတ်ပြုလာတယ်။ ချင်းဘာသာစကားကို စာသင်ကျောင်းများမှာ သုံးစွဲဖို့ ခွင့်ပြုခဲ့တယ်။ ခရစ်ယာန်ဘာသာ ပြန့်ပွားရေးအတွက် မျိုးစေ့ချခဲ့တယ်။ ရင်းနှီးကျွမ်းဝင်ပြီးသား ဘာသာစကားနဲ့ အက္ခရာတို့ကို ပေါင်းစပ်မှု၊ ခေတ်သစ်ပညာရေးစနစ်နဲ့ တိုးပွားများပြားလာတဲ့ ချင်းတိုင်းရင်းသား ဓမ္မဆရာများက ချင်းတိုင်းရင်းသားအထက်တန်းလွှာ များနဲ့ ပထမကမ္ဘာစစ်အတွင်းက ပြင်သစ်ရှိ ဗြိတိသျှတပ်မှာ စစ်မှုထမ်းခဲ့ကြသူများအကြား ခရစ်ယာန်ဘာသာ ပြန့်ပွား လာအောင် အကူအညီပေးခဲ့တယ်။

လီယန်ဆပ်ခေါင်ဟာ ဘာသာကူးပြောင်းမှုဖြစ်စဉ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ပြီး အခုလို ကောက်ချက်ချခဲ့တယ်။ ခရစ်ယာန်ဘာသာကို ကူးပြောင်းခြင်းဟာ နတ်ဘုရားများကို ၀တ်ပြုဆုတောင်းတဲ့ လမ်းဟောင်းကနေ ခွဲထွက်လိုက်သလို ဖြစ်ပေမယ့် ဒေသခံတွေရဲ့ တန်ဖိုးထားမှုများကို လက်ခံကျင့်သုံးဖို့ ချင်းခရစ်ယာန်ဘာသာကို တိုင်းရင်းဘာသာမှုပြုခဲ့တယ်။

ချင်းတိုင်းရင်းသားတို့ရဲ့ ဖန်ဆင်းရှင်ဘုရား သခင်က အကြီးမြတ်ဆုံးတန်ခိုးရှင်အဖြစ် သူတို့ကို စောင့်ရှောက်ပေးနေတဲ့ နတ်ဘုရားများနေရာမှာ အစားထိုးဝင်ရောက်ခဲ့တယ်။ ယစ်ပူဇော်ပွဲများကို ဘာသာရေးတရားပွဲများနဲ့ ၀တ်ပြုဆုတောင်းပွဲ များက အစားထိုးခဲ့တယ်။ ချင်းတိုင်းရင်းသားများအပေါ် သာသနာပြုအဖွဲ့များရဲ့ နိုင့်ထက်စီးနင်း အပြုအမူများနဲ့ ဘာသာရေး ယုံကြည်မှုများ ပြန့်ပွားအောင် ချင်းတိုင်းရင်းသား အထက်တန်းလွှာများအပေါ် သူတို့ရဲ့ အမြတ်ထုတ်မှုတွေရှိပေမယ့် တည်ဆောက်ထားပြီးသား ဓလေ့ထုံးစံများ၊ ယုံကြည်မှုများနဲ့ လိုက်လျောညီထွေဖြစ်စေရန်နဲ့ မျိုးနွယ်စုအပေါ် အခြေခံတဲ့ စုစည်းမှုမျိုးကို ကျော်လွန်တဲ့ လူမျိုးရေးလက္ခဏာသစ်တရပ်ကို ပုံဖော်နိုင်ရန် ခရစ်ယာန်ဘာသာကို ပြင်ဆင်ပြောင်းလဲ ခဲ့တယ်။

မြန်မာပြည် လွတ်လပ်ရေးရဖို့နီးကပ်လာချိန်မှာ တိုင်းပြည်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ရှုပ်ထွေးခက်ခဲတဲ့ စေ့စပ် ညှိနှိုင်းပွဲများအတွက် ချင်းတိုင်းရင်းသားတို့ ပြင်ဆင်မထားခဲ့ပါဘူး။ နောက်ဆုံးတော့ ဗဟိုအစိုးရအသစ်ထံမှ စီးပွားရေး အထောက်အပံ့ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ ချင်းတိုင်းရင်းသားကိုယ်စားလှယ်များ မြန်မာနိုင်ငံအတွင်း ပါဝင်ရန် ရွေးချယ်ခဲ့ကြတယ်။ ၁၉၄၈ ခုနှစ်တွင် ယခုလက်ရှိ ချင်းပြည်နယ်ရဲ့ ခေတ်သစ်နယ်နိမိတ်ကို ရေးဆွဲခဲ့ကြတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားလူမျိုးနွယ်စုအားလုံး စုစည်းညီညွတ်တဲ့ ဗမာ အမျိုးသားရေး လက္ခဏာသစ် တရပ်ကို ထူထောင်ရန် ၀န်ကြီးချုပ်ဦးနုဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အဆိုပြုခဲ့တယ်။ ဒီအဆိုပြုချက်ကို မြန်မာနိုင်ငံကို လူမျိုးရေးပဋိပက္ခများ၊ အမြင်ကျဉ်းတဲ့ အမျိုးသားရေးဝါဒနဲ့ ဆယ်စုနှစ် (၅) စုကြာခဲ့ပြီးဖြစ်တဲ့ ပြည်တွင်းစစ်ဆီ အဆုံး၌ ဦးတည်စေတဲ့ ဘာသာရေးအစွန်းရောက် ယုံကြည်မှုရဲ့ ကနဦးအစအဖြစ် သတ်မှတ်တယ်လို့ လီယန်ဆပ်ခေါင်က ရေးသားခဲ့တယ်။

ဒါပေမယ့်လည်း ချင်းလူမျိုးများရဲ့နိုင်ငံသားဖြစ်မှု အဓိကအင်္ဂါရပ်တွေအဖြစ်နဲ့ ခေတ်သစ် အယူအဆတွေဖြစ်တဲ့ နိုင်ငံ၊ လူမျိုး နဲ့ နေထိုင်မှုဘ၀ စတာတွေနဲ့ အလားတူတဲ့ ရမ်၊ မီဖန်း နဲ့ ဖန်ဂလန် စတဲ့ အစဉ်အလာ ဓလေ့ထုံးစံ အယူအဆများကိုလည်း အသုံးပြုခဲ့ကြတယ်။

‘ဒီနေ့ခေတ်မှာ ခရစ်ယာန်ချင်းတိုင်းရင်းသားတွေဟာ မြန်မာစစ်အစိုးရရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံနေကြရတယ်။ မြန်မာ စစ်တပ်က ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီး၊ လက်ဝါးကပ်တိုင်များကို ဖယ်ရှားပစ်တယ်။ ခရစ်ယာန်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာထဲ အတင်းအကျပ်သွတ်သွင်းတယ်။ စေတီပုထိုးတည်ဆောက်တဲ့ နေရာမှာ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းတယ်။

ဒီစာအုပ်ဟာ မကြာခင်ကာလက ဖြစ်ပေါ်တိုးတက်မှုတွေ ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ချင်းတိုင်းရင်းသားတွေ ခရစ်ယာန် ဘာသာတရားအပေါ်အခြေခံတဲ့ အမျိုးသားရေးလက္ခဏာကို ဘယ်လိုဖွဲ့စည်းထူထောင်ခဲ့တယ်ဆိုတဲ့ သမိုင်းနောက်ခံ အသေးစိတ် အချက်အလက်များကို စာဖတ်သူများအား ပေးစွမ်းနိုင်ခဲ့ပါတယ်။

စာရေးသူဟာ လေးနက်တဲ့လူမှုအဆောက်အအုံ အပြောင်းအလဲများနဲ့ ရင်ဆိုင်ရတဲ့အခါ ထိန်းသိမ်းရမယ့် ဆက်စပ်မှုကို အလေးထားဖော်ပြရန်အတွက် လူမျိုးနဲ့နိုင်ငံသားဆိုင်ရာ အကြောင်းအရာများကို ချန်လှပ်ထားတယ်။ ချင်းတိုင်းရင်းသား များရဲ့ ကိုလိုနီခေတ်အကြို သမိုင်းနဲ့ပတ်သက်ပြီး သုတေသနတွေ ပိုမိုပြုလုပ် နိုင်ပါသေးတယ်။ အထူးသဖြင့် ချင်းနဲ့ဗမာ တော်ဝင်မျိုးနွယ်စုများအကြား အပြန်အလှန်ဆက်သွယ်မှုများအကြောင်း သုတေသန ပြုနိုင်ပါတယ်။ ဒါပေမယ့် ချင်းတိုင်းရင်းသားတွေရဲ့ ဇာတိလက္ခဏာ ရှာပုံတော် ဟာ ခေတ်သစ်စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူမှုဝန်းကျင်မှာ ခေတ်သစ်ချင်းလူ့အဖွဲ့အစည်းရဲ့ ဖြစ်ပေါ်တိုးတက်မှုအပေါ် ရှားပါးတဲ့လူမျိုးရေး သမိုင်းဆိုင်ရာအမြင်တခုကို ပေးနိုင်ခဲ့ပါတယ်။ ။

(၂၀၀၄ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Mikael Gravers ၏ A History of The Chin ကို ဆီလျော်အောင် ဘာသာပြန်ပါသည်)

Wednesday, August 18, 2010

ရှမ်းလူမျိုးစုအကြောင်း လေ့လာမှုတရပ်

ရှမ်းလူမျိုးစုအကြောင်း လေ့လာမှုတရပ်
ဒေးဗစ် စကော့ မက်သီဆင် Wednesday, March 04, 2009 စာအုပ်စင်ကဏ္ဍ
E-mail Print
Share/Save/Bookmark

မြန်မာနိုင်ငံ၏အကြီးဆုံး တိုင်းရင်းသားလူမျိုးစုတစုအကြောင်း ရေးသားထားသည့် ဤစာအုပ်သည် အလွန်များပြားသော အသေးစိတ်အချက်အလက်များကို ပြောထားပါသည်။

အခန်းထဲမှာ ကျားတကောင်ရှိနေတဲ့အကြောင်းကို တစုံတယောက်ကမှ ပြောဆိုခြင်းမရှိဘူးဆိုလျင် ထိုကျားသည် ရှမ်းလူ မျိုးပဲ ဖြစ်ပါလိမ့်မည်။ မြန်မာလူမျိုးစုပြီးလျင် နိုင်ငံ၏ဒုတိယလူဦးရေအများဆုံးဖြစ်သော ဤတိုင်းရင်းသားအုပ်စုသည် အခြား တိုင်းရင်သားအုပ်စုငယ်များကဲ့သို့ ပြည်တွင်းပြည်ပ၏အာရုံစိုက်မှုကို မရရှိခဲ့ကြပါ။ အနည်းအကျဉ်းလောက်သာ ရှိသော ရှမ်း၊ မြန်မာနှင့် အနောက်တိုင်းပညာရှင်များအပြင် လွန်ခဲ့သော အနှစ် ၁၀၀ ခန့်က ရှမ်းပြည်နယ်နှင့် အထက် ဗမာပြည် စွယ်စုံကျမ်းအညွှန်းကို ပညာရှင် ဂျေ ဂျီ စကော့ ရေးသားပြုစုပြီးကတည်းက ရှမ်းပြည်နယ်အကြောင်း လေ့လာမှုပြုသူ အလွန်ရှားပါသည်။

စာအုပ် အမည် - ရှမ်းပြည်သမိုင်း

ရှမ်းလူမျိုးများ၏အစမှသည် ၁၉၆၂ ခုနှစ်အထိ၊

ရေး - စိုင်းအောင်ထွန်း

ဆစ်ခ်ဝမ်း ပရက်စ်၊

၂၀၀၉ ခုနှစ်၊ စာမျက်နှာ ၆၈၄ မျက်နှာ

---------------------------------------------------

တိုင်းလူမျိုး (`ရှမ်း´ ဆိုသည့်စကားလုံးသည် မြန်မာစကားလုံးဖြစ်ပြီး `စီအမ်´ (Siam) မှဆင်းသက်လာခြင်းဖြစ်သည်) များသည် အိန္ဒိယ အရှေ့မြောက်ပိုင်းမှသည် မြန်မာနိုင်ငံ မြောက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအိုနှင့် ဗီယက်နမ်အထိ အကျယ်အပြော ပျံ့နှံ့လျက်ရှိပါသည်။ သို့သော် ရှမ်းလူမျိုး အများဆုံး နေထိုင် ရာဒေသမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပါသည်။ ၄င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ရှမ်း အင်ပါယာများဖြစ်သော နန်ချောင်းနှင့် မော်အင်ပါယာတို့ ပြိုကွဲပြီး တရုတ်ပြည်မှ ရွှေ့ပြောင်းရောက်ရှိလာခြင်းဖြစ်သည်။

လွတ်လပ်ရေးမရမီ နှစ် ရာပေါင်း အတော်ကြာက ရှမ်းပြည်ဒေသများသည် နယ်မြေအကြီး အသေး၊ သြဇာအာဏာ ရှိမှု အပေါ်မူတည်၍စုပေါင်းပြီး ချောင်ဖာ (`ကောင်းကင်၏အရှင်သခင်´ သို့မဟုတ် မြန်မာနိုင်ငံတွင် `စော်ဘွား´) များက အုပ်ချုပ်ကြသည်။

၁၉၅၉ ခုနှစ်တွင် သူတို့၏နယ်ပယ်များကို တခုတည်းသော ပြည်နယ်အဖြစ်မပေါင်းစည်းခင်အချိန်အထိ စော်ဘွားများသည် ၄င်းတို့၏အိမ်နီးနားချင်းများနှင့် ဆက်ဆံရေးတွင် ချောမွေ့လှသည်တော့မဟုတ်ပါ။ ထိုကာလ နောက်ပိုင်း စစ်ပွားများ ဖြစ်ပွားသည်အထိ ဆက်ဆံရေးကျဆင်းခဲ့ကြသည်။

ဤစာအုပ်သည် နိုင်ငံရေးအရဆန်းစစ်လေ့လာမှုများနှင့်အတူ သမိုင်းဆိုင်ရာရေးသားချက်များ၊ မနုဿဗေဒ၊ သစ်ပင်နှင့် တိရစ္ဆာန်တို့အကြောင်းရေးသားထားသော သဘာဝလောကပညာရှင်များ၏ မှတ်တမ်းများ စသည် စည်းမျဉ်း ဥပဒေသ ပေါင်းစုံဖြင့် ဆက်စပ်လေ့လာထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် မြေပုံများ၊ အခိုက်အတန့်သဘောရေးမှတ်ခဲ့သည့် စိတ်ဝင်စားစရာ မှတ်တမ်းများ၊ ရှမ်းအက္ခရာ၊ စာများနှင့် ဓာတ်ပုံများ၊ ကျမ်းကိုးအများအပြားကနေ ထုတ်နုတ်ထားသော ရှည်လျားသည့် အညွန်းများ ပါဝင်ပါသည်။

ဤစာအုပ်ထဲတွင် သံလွင်မြစ်၊ ဆင်များကိုအသုံးပြုပုံ၊ ရှမ်းအိုးစည် ပြုလုပ်ပုံ၊ ၀ါဂွမ်း၊ မြွှေများ၊ ရှမ်းရိုးရားအ၀တ်အစားနှင့် လက်ကိုင်ပုဝါ၊ ၀ါး ဖြင့် ပြုလုပ်ထားသော ထမင်းဘူးများနှင့် အစားအစာများ (ရှမ်းအစားအစာသည် ကမ္ဘာပေါ်တွင် အလျှို့ ၀ှက်ဆုံးနှင့် အကောင်းဆုံး အစားအစာထဲတွင် ပါဝင်သည်) နှင့်ပတ်သက်ပြီး ရေးသားထားသော အခန်းများပါဝင်သည်။ ဤစာအုပ်၏အရွယ်အစားကို ငွေကြေးအကန့်အသတ်ကြောင့် ကန့်သတ်ပြီးထုတ်ဝေရကြောင်း စာရေးသူက ၀န်ခံထား ပါသည်။ (ဆိုလိုသည်မှာ ဤစာအုပ်သည် ယခုထက်ပိုပြီး စာမျက်နှာများနိုင်ပါသေးသည်။) ဤစာအုပ်သည် ၁၉ ရာစုနှစ် နှောင်းပိုင်း ကာလက ဗြိတိသျှ ပထ၀ီအသင်းကြီး၏ လေ့လာချက်များကို ဖတ်ရသည်နှင့်တူပါသည်။

စိုင်းအောင်ထွန်း၏ချဉ်းကပ်ပုံမှာ အမှားကင်းသည်တော့ မဟုတ်ပါ။ အထူးသဖြင့် စစ်အစိုးရကို ထောက်ခံသော မြန်မာနိုင်ငံ သမိုင်းပြုစုရေးအဖွဲ့ဝင်တဦးဖြစ်နေသည့်အတွက် မြန်မာပြည်တွင်းကနေရေးသားရသည့် တင်းကျပ်သောကန့်သတ် ချက် များက သမိုင်းရေးဆိုင်ရာ ငြင်းခုံမှုများအတွက် လိုအပ်သောမျှတစွာရေးသားဖော်ပြမှုကို မတွေ့ရခြင်းဖြစ်ပါသည်။

ထူးထူးခြားခြား စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် တိုင်းရင်းသားအချင်းချင်းသဟဇာတဖြစ်မှုကို အထူးတလဲ ဖော်ပြထားသည့်-

“ဗမာနှင့် ရှမ်းလူမျိုးတို့သည် ပြည်ပကျူးကျော်မှုများ သို့မဟုတ် စစ်ပွဲများကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း သွေးစည်း ညီညွတ်ကြသည်” စသည်တို့သည် အများလက်ခံထားသော အမြင်များ မဟုတ်ပါ။ ထိုအမြင်များသည် အန္တရာယ်မရှိစေ ရန် အထက်ကအာဏာရှိသူများကို ဦးညွှတ်ပြခြင်းသာဖြစ်ပြီး လေးလေးနက်နက် ဆန်းစစ်လေ့လာထားချက်များမဟုတ်ပါ။ သို့ပေမယ့် ထိုကိုးယိုးကားယားနိုင်သောစာပိုဒ်များကို တွေ့ရခဲပါသည်။

နောက်ထပ်အားနည်းချက်တရပ်မှာ သမိုင်းရေးဆိုင်ရာအချက်အလက်များကို လေ့လာရာတွင် ပညာရပ်ဆိုင်ရာ ဆန်းစစ် နည်းများကို အစီအစဉ်တကျ သုံးစွဲထားခြင်းမရှိပါ။ ဗမာနှင့် ရှမ်းပြည်နယ် သမိုင်းတွင် အရေးကြီးသော အငြင်းပွား ဖွယ် အကြောင်းရပ်တချို့ကို ထူးထူးခြားခြား ချန်လှပ်ထားခဲ့ရာ အထူးသဖြင့် ပုဂံခေတ်အလွန် (၁၂ ရာစုနှင့် ၁၅ ရာစု အကြား) ရှမ်းအုပ်ချုပ်မှုကြီးစိုးချိန် အခန်းတွင် ဖြစ်ပါသည်။

ထိုကာလကို စိုင်းအောင်ထွန်းက လက်ခံထားပြီး စာရေးဆရာနှင့် သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်က လေးလေး နက်နက် စိန်ခေါ်ထားပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ စိတ်ပျက်စရာကောင်းလှသော တိုင်းရင်း သား လူနည်းစုနိုင်ငံရေးနှင့်ပတ်သက်ပြီး ထင်ရှားသည့် ပညာရှင် နှစ်ဦးဖြစ်သော ဘာတေးလ်လစ်တ်နာနှင့် မာတင်စမစ် တို့က မည်သည့်မှတ်ချက်မှ မပေးပါ။

၁၉၅၀ ခုနှစ်များအတွင်းက ကူမင်တန် တရုတ်ဖြူများ ကျူးကျော်ဝင်ရောက်သည့် အခန်းတွင် အမေရိကန်အစိုးရကို လက်ညှိုးထိုးအပြစ်တင်းထားသော်လည်း စီအိုင်အေကို ရည်ညွှန်းပြောဆိုမှုကိုတော့ ချန်လှပ်ထားခဲ့သည်။ သို့မဟုတ်လျင် သတင်းအချက်အလက် အလွန်ပြည့်စုံစွာဖြင့် သုံးသပ်ထားခြင်းမျိုး ဖြစ်ပါလိမ့်မည်။

စာအုပ်၏အကောင်းဆုံးအခန်းများသည် ၁၉၆၀ နှင့် ၁၉၆၁ ခုနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေးနှင့် မြန်မာနိုင်ငံတွင် ပိုမိုကြီးမာသည့် ဖယ်ဒရယ်လမ်းစဉ်အောင်မြင်ဖြစ်ထွန်းရေးအတွက် ရှမ်းခေါင်းဆောင်များ၏အဆိုပြုချက် များနှင့် အငြင်းအခုံများကို အသေးစိတ်ဖော်ပြထားချက်များပင် ဖြစ်ပါသည်။ ၁၉၅၀ ခုနှစ်ကာလများအတွင်း ပဋိပက္ခဖြစ်စေ သော အကြောင်းအရင်းများဖြစ်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် အများအပြားကို ရှမ်းခေါင်း ဆောင်များက ပြင်ဆင်ရန်ကြိုးပမ်းခဲ့ကြသည်။

စာမျက်နှာ ၁၀၀ ရှိသည့် အသေအချာသုတေသနပြုစုပြီး ရေးသားထားချက်များက ပြသနေသည်မှာ လွန်ခဲ့သော အနှစ် ၅၀ က ဖယ်ဒရယ်ဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာ ညီမျှမှု၊ သယံဇာတ အရင်းအမြစ်များကို ခွဲဝေသုံးစွဲမှုနှင့် အခြေခံလူ့အခွင့်အရေး များအပေါ်လွတ်လပ်ပြီး တရားမျှတသည့် ငြင်းခုံမှုများသည် ယနေ့ခေတ်ထက် အများကြီးပို၍ နက်နဲရှုပ်ထွေးခဲ့ပါသည်။

လက်ရှိစစ်အစိုးရ၏ အဓိပ္ပာယ်မဲ့ရက်စက်လွန်းသည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီး အပြီးသတ်ကာလကို မြန်မာနိုင်ငံ ရောက်ရှိနေချိန်မှာ အထူးသဖြင့် ဒီအချက်က အထင်အရှား ဖြစ်ပါသည်။

စာဖတ်သူများသည် ခေတ်ရေစီးကြောင်းကိုတော်လှန်သော ခေတ်လွန် သီအိုရီသမားများမဟုတ်ဘူးဆိုလျင် ရှေးရိုးဆန် သည့် ဤသမိုင်းစာအုပ်ကို ဖတ်ရတာ ကြိုက်နှစ်သက်မှာ အမှန်ပင် ဖြစ်ပါသည်။

နောက်ဆုံးအနေနှင့် ရှမ်းလူမျိုးများမှာ တရားမျှတမှုကိုရှာဖွေမည့် စာအုပ် တအုပ် ရှိလာပါပြီ။ ဤစာအုပ်ကို မကြာသေးမီက ထုတ်ဝေခဲ့သော စပ်စန္ဒာ ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “လမင်းသမီး”နှင့် ယှဉ်တွဲ ပြီးဖတ်ရှု့ရန် တိုက်တွန်းပါသည်။

နောက်ထပ်စိန်ခေါ်နေသည့်အချက်မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်များအကြောင်း သမိုင်းကို ယခုစာအုပ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အသေးစိတ်အချက်အလက်များကို ဂရုစိုက်ပြီး ရေးသားပြုစုရေး ဖြစ်ပါသည်။

မကြာခင်နှစ်များအတွင်းကဖြစ်ခဲ့သော အရှုပ်အထွေးများကို စုစည်းရာတွင် ပညာရပ်ဆိုင်ရာလွတ်လပ်မှု အနည်း ငယ် ပိုရှိလာရန် မျှော်လင့်မိပါသည်။

ဒေးဗစ် စကော့ မက်သီဆင်သည် နယူးယောက်တွင်အခြေစိုက်သော လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး(HRW)၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေးအရာရှိ ဖြစ်သည်။