Wednesday, July 17, 2013

သမိုင်းတကွေ့မှ ရန်ကုန်ဘဆွေ

သန်းဝင်းလှိုင်-စက်တင်ဘာ ၂၇၊ ၂၀၁၂

ထင်ရှားသော စာရေးဆရာ၊ ပန်းချီဆရာ၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သော ရန်ကုန်ဘဆွေကို ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ရေပူဝရွာတွင် ၁၉၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် ကြာသာပတေးနေ့တွင် အဖ လက်သမား ဦးကြာဖြူ၊ အမိ ဒေါ်သေးသေးတို့မှ ဖွားမြင်ခဲ့သည်။ မွေး ချင်းနှစ်ယောက်အနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်မောင် (ခေါ်) လှမောင်။ နောင်တွင် မောင်လှဆွေ၊ လှမောင်သွင် မှည့်ခေါ်သည်။ အမည်ရင်း ဦးဘဆွေဖြင့်သာ ထင်ရှားသည်။
ငယ်စဉ်က အတန်းပညာ မသင်ခဲ့ရပေ။ အစ်ကိုဖြစ်သူ၏သင်ပြမှုနှင့် ကိုယ်တိုင်အားထုတ်မှုအရ စာတတ်လာသည်။ အသက် ၁၅ နှစ်ခန့် တွင် အိမ်မှထွက်ပြေးပြီး မြောင်းမြ၌ ပန်းချီပညာလေ့လာသင်ကြားခဲ့သည်။ ထိုစဉ်မှာပင် အကပညာလည်းသင်ယူခဲ့သည်။
ထို့နောက် ရန်ကုန်သို့ပြန်ရောက်လာပြီး ၁၉၃၃-၃၄ ခန့်တွင် “သက်စောင့်” မဂ္ဂဇင်းသို့ “ဝါးခယ်မလှမောင်” ကလောင်အမည်ဖြင့် ဝတ္ထုများ စ တင်ရေးသားခဲ့သည်။ မဂ္ဂဇင်းတွင် အသုံးပြုသောအခါ “ဝါးခယ်မ” ကိုဖြုတ်ပြီး “လှမောင်” ဟုသာ ဖော်ပြခံခဲ့ရသည်။ နောင်တွင် ကြီးပွားရေး အသင်း စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ စာစီစာကုံးပြိုင်ပွဲ ပထမဆုရသဖြင့် ထိုစဉ်က အမည်ရင်း မောင်လှဆွေဖြစ်သောကြောင့် ကလောင်အမည်ကို “သတိုးဆွေ” (လူငယ်ကြီးပွားရေးအသင်း စာစီစာကုံးပြိုင်ပွဲ ပထမဆုရသူ) ဟု ပြောင်းလဲအမည်ခံသည်။ ရွှင်ပျော်ပျော် စာပေတိုက်၏ နှစ်ပဲတန်ဝတ္ထုခေတ်တွင် ကလောင်အမည်မခံဘဲ ဝတ္ထုနှစ်အုပ်ရေးခဲ့ဖူးသည်။
ပန်းချီကျောင်းတွင် ပန်းချီပညာသင်ခဲ့ပြီးနောက် ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ပုဇွန်တောင် ဆင်ဂါးကျောင်း၌ ပုံဆွဲဆရာ ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ပုဇွန်တောင်ရေကျော်ရှိ ပန်းချီကိုမြတ်ဆိုင်၏ ဖိုတိုလတ်ဓါတ်ပုံဆိုင်တွင် ဝင်ရောက်အလုပ်လုပ်ခဲ့ဖူးသည်။
ထိုစဉ်မှာပင် ရေကျော်ရှိ တက္ကသိုလ်သမဝါယမမှ ဆရာချစ် (ခေါ်) သခင်ချစ် (နောင်ဗကပအတွင်းရေးမှူး(ကျဆုံး) နှင့်ရင်းနှီးပြီး နဂါးနီဂျာ နယ်မှ အဆက်အသွယ်ရခဲ့သည်။ နဂါးနီဂျာနယ်တွင် အစောပိုင်း၌ ဝါးခယ်မလှမောင်ကလောင်အ မည်ခံယူ၍ ဝတ္ထုတို၊ ဆောင်းပါးများ ရေး သားခဲ့သည်။ နောင်တွင် ဘဆွေအမည်ခံ၍ ရေးသားခဲ့ရာ ထိုစဉ်တက္ကသိုလ်မှ ကိုဗ ဆွေကလည်း “ဗဆွေ” အမည်ဖြင့် ရေးသားနေသောကြောင့် ဘဆွေနှစ်ယောက် အမည်ကွဲလွဲစေရန် တက္ကသိုလ်ဗဆွေက “ထားဝယ်ဗဆွေ” အမည်ခံယူ၍ သူကလည်း “ရန်ကုန်ဘဆွေ” အမည်ခံယူ ခဲ့သည်။
၁၉၃၉-၄၁ တို့တွင် နဂါးနီဂျာနယ်၌ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက် ယူနစ်တာဝန်ခံတစ်ဦးအဖြစ် မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲအပါအဝင် ဖျာပုံခရိုင် မြေအောက်တော်လှန်ရေးကို လုပ်ဆောင်ခဲ့သည်။ ဆိုရှယ်လစ်ပါတီတွင် ပါတီစည်းကမ်းထိန်းသိမ်းရေးတာဝန်ကို ယူခဲ့ သည်။
ရန်ကုန်ဘဆွေ၏ နိုင်ငံရေးဘဝဖြတ်သန်းမှုကိုလေ့လာကြည့်ပါက နိုင်ငံရေးရည်မှန်းချက်များအတွက် လက်နက်ကိုင်တော်လှန်မှုကိုထောက် ခံ သော ပြောက်ကျားခေါင်းဆောင် (Terrorist) ဖြစ်နေသည်ကို တွေ့ရသည်။
ရန်ကုန်ဘဆွေသည် ဆရာများ၏မှိုင်းသွင်းထားမှုကြောင့် အင်္ဂလိပ်အလိုတော်ရိ နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောအား ကြည့်မရပေ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ မလိုလားအပ်သူအဖြစ် မြင်လာသည်။ ဤသို့ဖြင့် ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့၏ စည်းရုံးသိမ်းသွင်းမှု နှင့် အားပေးကူညီမှုကြောင့် သူ၏ဇနီး မမြသွေး (လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့်ရ) နှင့် ဖက်ဆစ်တော်လှန်ရေးလက်ရင်း ရဲ ဘော်သုံးလေးဦးတို့နှင့် ဦးစောလုပ်ကြံရေးကို စတင်ခဲ့သည်။ ရှေးဦးစွာ ဗဟန်း (၃) လမ်းနေ ယပက်လက် လှရွှေကြီး (နောင်ဗိုလ်ကြီးဟောင်း ယခုကွယ်လွန်) အကူအညီဖြင့် ဂျစ်ကားတစ်စီးလည်းကောင်း၊ လက်နက်များဗိုလ်ချုပ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ထံမှလည်းကောင်း ရရှိခဲ့ သည်။ ဂဠုန်ဦးစော၏ ရုံးတက် ရုံးဆင်းချိန်၊ စီးသည့်ကားအမျိုးအစား၊ သွားလာတတ်သည့်နေရာဌာန၊ အသုံးပြုသည့်လမ်းကြောင်း၊ လုံခြုံ ရေးရယူထားမှု၊ ဂဠုန်ဦးစော၏ အိမ်အခြေအနေအသေးစိတ်ကို ကြိုတင်လေ့လာထားရှိသည်။
အကောင်အထည်ဖော်သည့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက် စနေနေ့တွင် ကားရှေ့ခန်း၌ ယာဉ်မောင်း ကိုမြလှိုင်နှင့် ရန်ကုန်ဘဆွေ၊ ကားနောက်ခန်းတွင် ရဲဘော်ဘတုတ်၊ ရဲဘော်ထွန်းခင်တို့ လိုက်ပါလာသည်။ ကားကို အမိုးဖြုတ်၍ စစ်စိမ်းရောင်ဆေးသုတ်ကာ ကားပေါ် ပါလာသူအားလုံး ပြည်သူ့ရဲဘော် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားကြသည်။
ထိုနေ့က ဂဠုန်ဦးစောသည် ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ သူရိယသတင်းစာတိုက်ဆင်း၍ သူရိယသတင်းစာတိုက် ရှေ့ရှိ မျိုးချစ်ပါတီရုံးခန်းသို့ ခေတ္တဝင်ခဲ့သည်။ ထို့နောက် အလုံလမ်းရှိ ဘုရင်ခံအိမ်တော်၌ ဘုရင်ခံနှင့် တွေ့ဆုံဆွေးနွေးကာ တော်လှန်ရေး ပန်းခြံအနီး ဝိဇယရုပ်ရှင်ရုံအနီးရှိ ဓါတ်ဆီဆိုင်၌ ကားဆီဖြည့်သည်။ ဆီဖြည့်နေစဉ် ဂဠုန်ဦးစောသည် မိမိကားနောက်မှ တလျှောက်လုံး လိုက်လာသောဂျစ်ကားကို သတိထားမိလိုက်သည်။ ယင်းနောက် တော်လှန်ရေးပန်းခြံအနီး ဆီဆိုင်မှတဆင့် မြေနီကုန်းအဝိုင်းကြီးအလွန် (ယခု အထက (၂) စမ်းချောင်းကျောင်း) ရှေ့အနီး၌ ကားချင်းယှဉ်၍ ရန်ကုန်ဘဆွေနှင့်အဖွဲ့သည် သေနတ်ဖြင့် ချိန်ရွယ်လှမ်းပစ်လိုက်ရာ ဦးစောသည် သေနတ်စတင်ချိန်ရွယ်စဉ်ကပင် ခေါင်းကို ကားထဲငုံ့ချလိုက်သည်။ သို့သော် ကျည်ဆံသည် လူကိုမထိသော်လည်း ကားမှန်ကို ထိသွားသည်။ ကားမှန်ကွဲပြီးလွင့်စင်လာသော မှန်စများကြောင့် ဂဠုန်ဦးစော၏မျက်စိကိုထိမှန်ကာ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရသည်။
သေနတ်သမားများသည် ပြည်သူ့ရဲဘော်ဝတ်စုံများဝတ်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်း၏ လူများဟု ယူဆကာ ဗိုလ်ချုပ်၏စေခိုင်းချက်အရ သူ့အား နိုင်ငံရေးအရ လုပ်ကြံခဲ့သည်ဟု တသက်လုံးမှတ်ယူသွားခဲ့သည်။
ဤသို့ ရန်ကုန်ဘဆွေနှင့် ဗိုလ်အောင်ကြီး၊ ဗိုလ်ချုပ်နေဝင်းတို့၏ မဆင်မခြင် မင်းမဲ့စရိုက်ဆန်ဆန် ပြုမူဆောင်ရွက်ခဲ့မှုကြောင့် ခုတ်ရာတခြား၊ ရှရာတခြားဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် အငြိုးအတေးကြီးသော ဦးစော၏လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရ သည်။
ရန်ကုန်ဘဆွေသည် စွန့်လွှတ်စွန့်စားနိုင်သူလည်း ဖြစ်သည်။ ပြည်တွင်းစစ်ကာလ ဗမာ့တပ်မတော်မှ ဗိုလ်မှူးကြီး မောင်မောင် (နောင် ဗိုလ် မှူးချုပ်) နှင့်အဖွဲ့အား ကရင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့အား ကယ်တင်ရန်အ တွက် ဗိုလ်မှူးကြီးစောမြင့်၏ကွပ်ကဲမှုဖြင့် ရန်ကုန်ဘဆွေနှင့်အဖွဲ့သည် ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ပြည်လည်ကယ်ထုတ် နိုင်ခဲ့သည်။
ရန်ကုန်ဘဆွေသည် စာပေအနုပညာဝါသနာထုံ၍ အောင်မြင်သောစာရေးဆရာ ပန်းချီဆရာတစ်ဦးလည်း ဖြစ်နေပြန်သည်။ ၁၉၄၆ ခုနှစ် တွင် ပြဇာတ်နယ်သို့ဝင်ရောက် စစ်ပြန်၊ စံထူး၊ ခဝဲပွင့်ချိန် စသည့် တိုက်ခိုက်ရေးပြဇာတ်များကို နေသူရိန်ရုံ၌ တင်ဆက်ခဲ့သည်။
၁၉၄၅ ခုနှစ်တွင် ရုပ်ရှင်နယ်သို့ ဝင်ရောက်၍ ၁၉၅၅ ခုနှစ်တွင် “မာန်” ရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဂျာနယ်ပြာ ဂျာနယ်နှင့် ၁၉၅၈ ခုနှစ်တွင် “မီးဒုတ်” ဂျာနယ်တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၅၆-၅၇ တွင် နာဂတောင်တန်း လေ့လာရေးခရီးသွားရောက်ခဲ့သည်။
၁၉၅၉-၆၀ တွင် မြန်မာနိုင်ငံစာရေးအသင်း၌ အမှုဆောင်အဖွဲ့ဝင်၊ ၁၉၆၀-၆၃ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာ အသင်း ဒုတိယဥက္ကဋ္ဌ၊ ၁၉၆၃-၆၄ ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ တာဝန်တို့ကို ယူခဲ့သည်။
ရန်ကုန်ဘဆွေ၏ ထင်ရှားသောဝတ္ထုများမှာ ချီလေသော်လည်း(၁၉၆၃)၊ တိုက်ယူရသည့် မျက်ရည်တစ်ပေါက် (၁၉၆၃)၊ နန်းဟာဗီး (၁၉၆၄)၊ သေသော်မှသည်သြော်ကောင်း၏ (၁၉၆၄)၊ သည်မိုးသည်လေ (၁၉၆၄)၊ ခေတ်၏သားကောင် (၁၉၆၄)၊ ဆိုးပေ (၁၉၆၄)၊ မြန်မာ ပြည်သား (၁၉၆၅)၊ ရွှေဝါပြည် (၁၉၆၅)၊ အထီးကျန်၊ မြင့်မိုရ်ကိုချွေပျက်ကြွေမည့် ယောက်ျား၊ စနစ်တွေအတင်းပြောင်းလဲမည်၊ ရဲဘော်တို့နှင့် အတူ၊ ဖက်ဆစ်သူရဲတွေပတ်လည်ဝိုင်း၍ စသည်တို့ဖြစ်သည်။ ထို့အပြင် နဝဒေးတခန်းရပ်ပြဇာတ်၊ မင်းသားကိုကြီးကောင်းပြဇာတ် စသည့် ပြဇာတ်များ၊ ချစ်ဇနီးသို့အမည်ဆေးပညာပေး ကျမ်း၊ စကားနက်၊ ပန်းသွင်သီကုံးရေးနည်းဖွဲ့ချင်သော်၊ စာရေးခြင်းအတတ် စသည့် စာပေ အရေးအသားဆိုင်ရာစာအုပ်များ ရေးသားခဲ့သည်။ ဦးသော်ဇင်နှင့် တွဲဖက်၍ “မိုးတိမ်တမန်”၊ “မေဃဒူတ” သက္ကတဝတ္ထုတို့ကိုလည်း မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့သည်။ ပြည်သူ့အရေးတော်ပုံသမိုင်း၊ ပန်းချီအခြေခံသဘောတရား၊ ဗေဒင်ပညာ စသည့်စာအုပ်များသည် ယနေ့တိုင် မ ထုတ်ဝေရသေးပေ။
၁၉၇၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖွဲ့စည်းခဲ့သော ပြည်သူ့ပြည်ချစ်ပါတီတွင် ရန်ကုန်ဘဆွေသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်လှုပ်ရှား၍ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် (၂/၂၈၀) ထုတ်ပြန်ပြီးနောက် ၁၉၈၀ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကော့သောင်း မြို့မှတဆင့် အလင်းဝင်ရောက်ခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ပါတိတ်ပန်းချီရေးဆွဲခြင်း၊ မော်ဒန်ပန်းချီရေးဆွဲခြင်းတို့အပါအဝင် အနုပညာလုပ်ငန်းများ လုပ် ကိုင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ် ဇန်နဝါရီလတွင် ရန်ကုန်ဘဆွေအား နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဘွဲ့ ချီးမြှင့်ခဲ့သည်။
၁၉၈၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဖဆပလ တိုက်ခန်းနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်မြသွေးနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။

No comments:

Post a Comment