Wednesday, July 17, 2013

ဟိန္ဒူ မိသားစုဥပဒေ


မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-
         (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။
ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။
သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။
ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။
ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်းပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။
ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။
သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။
တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံးဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသောသွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများအကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။
ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။
ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။
ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။
ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။
ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။

No comments:

Post a Comment