Showing posts with label Biography. Show all posts
Showing posts with label Biography. Show all posts

Wednesday, July 17, 2013

အာဇာနည်များ နောက်ဆုံးခရီး မြန်မာမွတ်စ်လင်မ် မြင်ကွင်းကျယ် .

(၀မ်းအိုဝမ်း ကျော်ဝင်းမောင်ရေးသော မြန်မာ့ အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်မှ ကူးယူဖေါ်ပြပါသည်) 
ဆရာကြီး ဦးရာဇတ် ကို ဒဖနာ (မြေမြုပ်သဂြို င်္လ်) မယ့်နေဟာ ဇူလိုင်လ (၂၁) ရက်နေ့ပါတဲ့။ ရမသွာန်လ (၁) ရက်နေ့နဲ့ သွားပြီးကိုက်ညီနေပါတယ်။ ရမသွာန်လလဆိုတာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဥပုသ်လဖြစ်ပါတယ်။ ဥပုသ်စစောင့်တဲ့ ပထမရက်ဖြစ်ပါတယ်။ 
ဒီမှာက ပြသနာတစ်ခုရှိလာပြန်တယ် ၊ ရဲဘော် မောင်ထွေးဟာ ရှီအာဟ် မွတ်စလင်မ် တစ်ဦးဖြစ်ပါတယ်၊ သူ့ဖခင်က (၃၁) လမ်းမှာရှိတဲ့ မဂို ရှီအာဟ်ဗလီက ဂေါပကလူကြီး ဦးကိုလေးပါ။ အခုတော့ကွယ်လွန်သွားပါပြီ။
အဲဒီမှာသူတို့ အနေနဲ့ ရဲဘော်မောင်ထွေးကို ရှီအာဟ် မွတ်စ်လင်မ် သင်္ချိုင်းမှာ သဂြို င်္လ်ဖို့ ပထမစီစဉ်ကြပါသေးတယ်တဲ့။
အဲဒီမှာ ဗ-မ-က အထွေထွေ အတွင်းရေးမှုး မစ္စတာ လသစ်ဖ်ခန်း (ခေါ်) ဦးခင်မောင်လတ်၊ ဗ-မ-က အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကြွယ်ဝ စတဲ့ခေါင်းဆောင်တွေနဲ့ ဦးကိုလေးတို့ နဲ့ ဆွေးနွေးကြတယ်။
ဆရာကြီးက စွန်နီ သင်္ချိုင်းသွားမယ်၊ ရဲဘော်မောင်ထွေးက ရှီအာဟ် သင်္ချိုင်းသွားမယ် ၊ အဲဒီလိုဆိုယင် မွတ်စ်လင်မ် ညီညွတ်ရေးဟာ ပျက်ပြားသွားနိုင်တယ်။ အဲဒါကြောင့် မွတ်စ်လင်မ်တွေ အနေနဲ့ စုစုစည်းစည်းနဲ့ပဲ တာမွေ စွန်နီ မွတ်စ်လင်မ် သင်္ချိုင်းမှာ ဒဖနာ (မြေမြုပ်သဂြိုင်္လ်) ဖို့လိုတယ်လို့ ဆွေးနွေးညှိနှိုင်းကြပါသတဲ့။ တခြားဘာသာခြားတွေထဲမှာ ကိုယ့်အထုတ်ကိုယ် ဖြေပြသလို ဖြစ်နေမယ်။
စွန်နီမွတ်စလင်မ် တွေအနေနဲ့လဲ သူတို့ စွန်နီ ကဘရ်စတန်(သင်္ချိုင်း) မှာ ရှီအာဟ် မွတ်စလင်မ်တွေရဲ့ မယသ်(အလောင်း) ကို မြုပ်ဖို့ ဆိုတာလဲ အစဉ်အလာမရှိဘူး။ ဒီလိုမြှပ်ခွင့်ရအောင်လည်း ဗ-မ-က ခေါင်းဆောင်တွေအနေနဲ့ စွန်နီ မွတ်စလင်မ် အိုလမာ အဖွဲ့ဝင်များနဲ့ သဘောတူညီချက် ရယူရပါတယ်။
နှစ်ဖက်သဘောတူညီချက် ရတော့မှပဲ တာမွေ ကဘရ်စတန်မှာ သဂြို င်္လ်မြှပ်နှံလိုက်ပါတယ်။
ဒီဂျနာဇာ နမာဇ်ကိုလဲ မြန်မာနိုင်ငံလုံးဆိုင်ရာ အုလမာ အစ္စလာမ်သာသနာပညာရှင်များ အဖွဲ့ချုပ်ရဲ့ ဥက္ကဌကြီးဖြစ်တဲ့ မွတ်ဖ်သီ မာမွတ်ဒါဝတ်ယူစွဖ် ကနေ အီမာန် ရှေ့ဆောင်ပြီး ဖတ်ပေးသွားမှာပါတဲ့။ 


ဆေးရုံကြီးကနေ အလောင်းတွေကို ယူပြီးတော့ သယ်ဆောင်သွားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များရဲ့ အလောင်းများကို ဂျူဗလီဟောကို သယ်သွားတဲ့အခါမှာ ဆရာကြီးဦးရာဇာတ်နဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ အခေါင်း ၂ ခု လဲ ပါသွားပါတယ်၊ ဒီအခေါင်းကို ရဲဘော်တွေကပဲ ထမ်းပြီး သယ်ဆောင်သွားခြင်းပါ။
နောက်တစ်ခါ ဂျနာဇာ ၂ ခု သတ်သတ်ကို အဲဒီအာဇာနည်တွေရဲ့ ခေါင်းတွေနောက်မှာ အစ္စလာမ်ဂျနာဇာ (အလောင်းထမ်းစဉ်) ၂ ခုလဲ ဆက်တိုက်ထမ်းလာခဲ့ကြတယ်။ ဂျူဗလီဟောကို ရောက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ခေါင်းတွေအားလုံး ဂျူဗလီဟောမှာပဲ ချထားလိုက်ပါတယ်။
ဆရာကြီးနဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ ဂျနာဇာ ၂ ခုကို အနောက်ကနေ ကလေမာရှဟာဒတ် ( သေဆုံးသူ၏ နောက်ဆုံးခရီးတွင် လိုက်ပို့သူများက အစ္စလာမ်ထုံးတမ်းစဉ်လာအရ အရှင်မြတ်တပါးတည်းရှိကြောင်းသက်သေခံခြင်း ) ကိုကျယ်လောင်စွာ ဖတ်ရွတ်ပြီး အပြင်ဘက်ကို ထမ်းပြီး ထွက်လာကြပါတယ်။
အပြင်ဘက်ကို ရောက်တဲ့အခါ မှာ ၀င်ပေါက်က စောင့်ကြိုနေတဲ့ ဗမာမွတ်စလင်မ်ထုကြီးဟာ ဆီးကြိုပြီး တစ်ယောက်တစ်လက်ထမ်းသွားပါတော့တယ်။ အဲဒီဗမာမွတ်စလင်မ် လူအုပ်ကြီးထဲမှာဘဲ ဒေါ်ခင်ခင်လဲ လိုက်ပါပို့ဆောင်ပါတယ်။ ကန်တော်ကြီးလမ်းအတိုင်း သယ်ဆောင်သွားရာမှာ ဆရာကြီး ဦးရာဇတ် အိမ်ရှေ့ ပဒုမ္မလမ်း၊ ခြံနံပါတ် (၁၀) အရှေ့ရောက်တော့ ဒေါ်ခင်ခင်လဲ လိုက်မပို့တော့ဘူး၊ အိမ်မှာပဲ ၀င်နေလိုက်ပါတယ်။
ဒီအသုဘ ပို့ဆောင်ရေး လုပ်ငန်းတစ်ခုလုံးကို ဗ-မ-က (ဗမာမွတ်စ်လင်မ်ကွန်ကရက်) အဖွဲ့ချုပ်က မစ္စတာလသစ်ဖ်ခန်း (ဦးခင်မောင်လတ်) ၊ ဦးကြွယ်ဝ အစရှိတဲ့ခေါင်းဆောင်များက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဦးကြွယ်ဝ က အရှေ့က ဂျနာဇာကို ခေါင်းဆောင်ပြီး အစီအစဉ်နဲ့ ရှေ့ဆောင်သွားပါတယ်၊ ကြက်ပျံမကျ စည်စည်ကားကားလိုက်ပို့ကြပါတယ်။
ဒီပရိတ်သတ်ထဲမှာ ဗမာမွတ်စ်လင်မ် အမျိုးသားအမျိုးသမီးအပြင် အခြားမြန်မာတိုင်းရင်းသား လူမျိုးများ ဘာသာကွဲများကလဲ လိုက်ပါပို့ဆောင်ကြပါတယ်။ တစ်လမ်းလုံး ကလေမာရှဟာဒသ် ( သေဆုံးသူ၏ နောက်ဆုံးခရီးတွင် လိုက်ပို့သူများက အစ္စလာမ်ထုံးတမ်းစဉ်လာအရ အရှင်မြတ်တပါးတည်းရှိကြောင်းသက်သေခံခြင်း ) ရွတ်ဖတ်သွားတဲ့ အသံကြီးဟာလဲ မိုးပြိုမတတ်ပါပဲ။
လူတွေအားလုံးရဲ့ စိတ်ဓါတ်တွေဟာလဲ ကြေကွဲဝမ်းနည်းမှု တဖက်ကရှိနေသလို၊ တစ်ဖက်ကလဲ စိတ်ဓါတ်တွေဟာ ရန်သူအပေါ် အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဒေါသရောင်တွေကလဲ လွှမ်းလျက်ရှိနေပါတယ်။ စိတ်ဓါတ်တွေဟာ တက်ကြွမှုအပြည့်နဲ့ပါ။
ရွှေတိဂုံပတ်ဝန်းကျင် ရောက်တဲ့အခါမှာလဲ မြန်မာများနဲ့ တခြားမြန်မာတိုင်းရင်းသား လူထုကြီး တစ်ရပ်လုံးဟာလဲ လှိုက်လှိုက်လှဲလှဲ ဂျနာဇာ (ရုပ်ကလပ်) တွေကို စောင့်ကြိုနေကြပါတယ်။ အဲဒီကနေတချို့လဲ လိုက်ပါပို့ဆောင်ကြပါတယ်။
တာမွေ မွတ်စ်လင်မ် စွန်နီ (ကဘရ်စတန် ) သင်္ချိုင်း ရောက်တဲ့ အထိပဲ တစ်ယောက်နဲ့တစ်ယောက် ပခုံးပြောင်းပြီး ဂျနာဇာများကို ထမ်းပို့ကြပါတယ်။
ဒီအချိန်က အစ္စလာမ်ဘာသာဝင်များရဲ့ ပထမဦးဆုံး ဥပုသ်လ၀င်တဲ့ ပထမရက်၊ တစ်နေ့လုံး အစားအစာ မစားရဘူး၊ ရေကြည်တစ်ပေါက်လဲ မသောက်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ပါ။ လိုက်ပါပို့ဆောင်ကြတဲ့ မွတ်စ်လင်မ် အများစုဟာလဲ ဥပုသ်စောင့်သူက အများစုဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗလီဟောကနေ တာမွေဆိုတဲ့ ခရီးဟာ ၂ မိုင်လောက်ဝေးပါမယ်။ နေပူထဲမှာပဲ ဒီဂျနာဇာကို မောတာပန်းတာကို အပထားပြီး ပို့ဆောင်ကြပါတယ်။
ကဘရ်စတန် (သင်္ချိုင်း) ရောက်ပြန်တော့ မျက်နှာဖြူ နိုင်ငံခြားသား တော်တော်များများလဲ ရောက်နေပါတယ်။ အင်္ဂလိပ်တွေပဲဖြစ်မယ်လို့ ဆရာမောင်ကို ဂဖာရီကပြောပြပါတယ်။ သတင်ထောက်တွေ နိုင်ငံရေးသမားတွေ ဖြစ်ပါမယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဗြိတိသျှလေဘာပါတီရဲ့ ပါလီမန်အမတ် မစ္စတာ ဘော့ထွန်လီလဲ ပါရှိပါတယ်။
ဥရောပ တိုက်သား ဧည့်သည်တွေထဲက တချို့လဲ ဓါတ်ပုံတွေ ရိုက်ကြတယ်၊ တချို့လဲ ရုပ်ရှင်ရိုက်ကြတယ်။
ဂျနာဇာနမာဇ် (သေဆုံးသူအတွက် နောက်ဆုံး ၀တ်ပြု ဆုတောင်း) ဖတ်ရာမှာလဲ အခု ဂျနာဇာနမာဇ် ဖတ်ဖို့လုပ်ထားနေ့ နေရာမှာပဲ ဖတ်ကြတယ်။ လူတွေကများလွန်းလို့ ဂျနာဇာနမားဇ် ဖတ်ရာမှာ ပြွတ်သိပ်ပြီး တန်းစီဖတ်ကြရတယ်။ ဂျနာဇာနှစ်ခုစလုံးကို တစ်နေရာတည်းမှာ ထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ် သာသနာပညာရှင်များအဖွဲ့ချုပ် ဥက္ကဌကြီး မွတ်ဖ်သီ မာမွတ်ဒါဝတ်ယူစွဖ် က အီမာန်ရှေ့ဆောင် လုပ်ပြီး တချိန်တည်းဖတ်ပေးပါတယ်။
ဒီတုန်းက စွန်နီနဲ့ ရှီအာဟ် မွတ်စ်လင်မ်များရယ်လို့ ကွဲနေပေမဲ့ အစ္စလာမ် ဘာသာဝင်အဖြစ် ကွဲကွဲပြားပြားရှိနေတဲ့ စွန်နီ ရှီအာဟ် ရယ်လို့ ခွဲ့တဲ့စိတ်ကိုမျက်ကွယ်ပြုပြီး အစ္စလာမ်တို့ရဲ့ ညီညွတ်ရေးကို ရှေးရှုတဲ့ အနေနဲ့ ရှီအာဟ် နဲ့ စွန်နီ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းက ခေါင်းဆောင်ကြီးတွေက ခွဲခြားမှု မလုပ်ဘဲ ဒီအာဇာနည်များရဲ့ ဂျနာဇာကို တစ်နေရာတည်းမှာပဲ ဒဖနာ (မြေမြှုပ်သဂြို င်္လ်) ခြင်းကိုပြုလုပ်ခဲ့ကြပါတယ်။

သမိုင်းတကွေ့မှ ရန်ကုန်ဘဆွေ

သန်းဝင်းလှိုင်-စက်တင်ဘာ ၂၇၊ ၂၀၁၂

ထင်ရှားသော စာရေးဆရာ၊ ပန်းချီဆရာ၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သော ရန်ကုန်ဘဆွေကို ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ရေပူဝရွာတွင် ၁၉၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် ကြာသာပတေးနေ့တွင် အဖ လက်သမား ဦးကြာဖြူ၊ အမိ ဒေါ်သေးသေးတို့မှ ဖွားမြင်ခဲ့သည်။ မွေး ချင်းနှစ်ယောက်အနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်မောင် (ခေါ်) လှမောင်။ နောင်တွင် မောင်လှဆွေ၊ လှမောင်သွင် မှည့်ခေါ်သည်။ အမည်ရင်း ဦးဘဆွေဖြင့်သာ ထင်ရှားသည်။
ငယ်စဉ်က အတန်းပညာ မသင်ခဲ့ရပေ။ အစ်ကိုဖြစ်သူ၏သင်ပြမှုနှင့် ကိုယ်တိုင်အားထုတ်မှုအရ စာတတ်လာသည်။ အသက် ၁၅ နှစ်ခန့် တွင် အိမ်မှထွက်ပြေးပြီး မြောင်းမြ၌ ပန်းချီပညာလေ့လာသင်ကြားခဲ့သည်။ ထိုစဉ်မှာပင် အကပညာလည်းသင်ယူခဲ့သည်။
ထို့နောက် ရန်ကုန်သို့ပြန်ရောက်လာပြီး ၁၉၃၃-၃၄ ခန့်တွင် “သက်စောင့်” မဂ္ဂဇင်းသို့ “ဝါးခယ်မလှမောင်” ကလောင်အမည်ဖြင့် ဝတ္ထုများ စ တင်ရေးသားခဲ့သည်။ မဂ္ဂဇင်းတွင် အသုံးပြုသောအခါ “ဝါးခယ်မ” ကိုဖြုတ်ပြီး “လှမောင်” ဟုသာ ဖော်ပြခံခဲ့ရသည်။ နောင်တွင် ကြီးပွားရေး အသင်း စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ စာစီစာကုံးပြိုင်ပွဲ ပထမဆုရသဖြင့် ထိုစဉ်က အမည်ရင်း မောင်လှဆွေဖြစ်သောကြောင့် ကလောင်အမည်ကို “သတိုးဆွေ” (လူငယ်ကြီးပွားရေးအသင်း စာစီစာကုံးပြိုင်ပွဲ ပထမဆုရသူ) ဟု ပြောင်းလဲအမည်ခံသည်။ ရွှင်ပျော်ပျော် စာပေတိုက်၏ နှစ်ပဲတန်ဝတ္ထုခေတ်တွင် ကလောင်အမည်မခံဘဲ ဝတ္ထုနှစ်အုပ်ရေးခဲ့ဖူးသည်။
ပန်းချီကျောင်းတွင် ပန်းချီပညာသင်ခဲ့ပြီးနောက် ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ပုဇွန်တောင် ဆင်ဂါးကျောင်း၌ ပုံဆွဲဆရာ ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ပုဇွန်တောင်ရေကျော်ရှိ ပန်းချီကိုမြတ်ဆိုင်၏ ဖိုတိုလတ်ဓါတ်ပုံဆိုင်တွင် ဝင်ရောက်အလုပ်လုပ်ခဲ့ဖူးသည်။
ထိုစဉ်မှာပင် ရေကျော်ရှိ တက္ကသိုလ်သမဝါယမမှ ဆရာချစ် (ခေါ်) သခင်ချစ် (နောင်ဗကပအတွင်းရေးမှူး(ကျဆုံး) နှင့်ရင်းနှီးပြီး နဂါးနီဂျာ နယ်မှ အဆက်အသွယ်ရခဲ့သည်။ နဂါးနီဂျာနယ်တွင် အစောပိုင်း၌ ဝါးခယ်မလှမောင်ကလောင်အ မည်ခံယူ၍ ဝတ္ထုတို၊ ဆောင်းပါးများ ရေး သားခဲ့သည်။ နောင်တွင် ဘဆွေအမည်ခံ၍ ရေးသားခဲ့ရာ ထိုစဉ်တက္ကသိုလ်မှ ကိုဗ ဆွေကလည်း “ဗဆွေ” အမည်ဖြင့် ရေးသားနေသောကြောင့် ဘဆွေနှစ်ယောက် အမည်ကွဲလွဲစေရန် တက္ကသိုလ်ဗဆွေက “ထားဝယ်ဗဆွေ” အမည်ခံယူ၍ သူကလည်း “ရန်ကုန်ဘဆွေ” အမည်ခံယူ ခဲ့သည်။
၁၉၃၉-၄၁ တို့တွင် နဂါးနီဂျာနယ်၌ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက် ယူနစ်တာဝန်ခံတစ်ဦးအဖြစ် မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲအပါအဝင် ဖျာပုံခရိုင် မြေအောက်တော်လှန်ရေးကို လုပ်ဆောင်ခဲ့သည်။ ဆိုရှယ်လစ်ပါတီတွင် ပါတီစည်းကမ်းထိန်းသိမ်းရေးတာဝန်ကို ယူခဲ့ သည်။
ရန်ကုန်ဘဆွေ၏ နိုင်ငံရေးဘဝဖြတ်သန်းမှုကိုလေ့လာကြည့်ပါက နိုင်ငံရေးရည်မှန်းချက်များအတွက် လက်နက်ကိုင်တော်လှန်မှုကိုထောက် ခံ သော ပြောက်ကျားခေါင်းဆောင် (Terrorist) ဖြစ်နေသည်ကို တွေ့ရသည်။
ရန်ကုန်ဘဆွေသည် ဆရာများ၏မှိုင်းသွင်းထားမှုကြောင့် အင်္ဂလိပ်အလိုတော်ရိ နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောအား ကြည့်မရပေ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ မလိုလားအပ်သူအဖြစ် မြင်လာသည်။ ဤသို့ဖြင့် ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့၏ စည်းရုံးသိမ်းသွင်းမှု နှင့် အားပေးကူညီမှုကြောင့် သူ၏ဇနီး မမြသွေး (လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့်ရ) နှင့် ဖက်ဆစ်တော်လှန်ရေးလက်ရင်း ရဲ ဘော်သုံးလေးဦးတို့နှင့် ဦးစောလုပ်ကြံရေးကို စတင်ခဲ့သည်။ ရှေးဦးစွာ ဗဟန်း (၃) လမ်းနေ ယပက်လက် လှရွှေကြီး (နောင်ဗိုလ်ကြီးဟောင်း ယခုကွယ်လွန်) အကူအညီဖြင့် ဂျစ်ကားတစ်စီးလည်းကောင်း၊ လက်နက်များဗိုလ်ချုပ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ထံမှလည်းကောင်း ရရှိခဲ့ သည်။ ဂဠုန်ဦးစော၏ ရုံးတက် ရုံးဆင်းချိန်၊ စီးသည့်ကားအမျိုးအစား၊ သွားလာတတ်သည့်နေရာဌာန၊ အသုံးပြုသည့်လမ်းကြောင်း၊ လုံခြုံ ရေးရယူထားမှု၊ ဂဠုန်ဦးစော၏ အိမ်အခြေအနေအသေးစိတ်ကို ကြိုတင်လေ့လာထားရှိသည်။
အကောင်အထည်ဖော်သည့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက် စနေနေ့တွင် ကားရှေ့ခန်း၌ ယာဉ်မောင်း ကိုမြလှိုင်နှင့် ရန်ကုန်ဘဆွေ၊ ကားနောက်ခန်းတွင် ရဲဘော်ဘတုတ်၊ ရဲဘော်ထွန်းခင်တို့ လိုက်ပါလာသည်။ ကားကို အမိုးဖြုတ်၍ စစ်စိမ်းရောင်ဆေးသုတ်ကာ ကားပေါ် ပါလာသူအားလုံး ပြည်သူ့ရဲဘော် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားကြသည်။
ထိုနေ့က ဂဠုန်ဦးစောသည် ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ သူရိယသတင်းစာတိုက်ဆင်း၍ သူရိယသတင်းစာတိုက် ရှေ့ရှိ မျိုးချစ်ပါတီရုံးခန်းသို့ ခေတ္တဝင်ခဲ့သည်။ ထို့နောက် အလုံလမ်းရှိ ဘုရင်ခံအိမ်တော်၌ ဘုရင်ခံနှင့် တွေ့ဆုံဆွေးနွေးကာ တော်လှန်ရေး ပန်းခြံအနီး ဝိဇယရုပ်ရှင်ရုံအနီးရှိ ဓါတ်ဆီဆိုင်၌ ကားဆီဖြည့်သည်။ ဆီဖြည့်နေစဉ် ဂဠုန်ဦးစောသည် မိမိကားနောက်မှ တလျှောက်လုံး လိုက်လာသောဂျစ်ကားကို သတိထားမိလိုက်သည်။ ယင်းနောက် တော်လှန်ရေးပန်းခြံအနီး ဆီဆိုင်မှတဆင့် မြေနီကုန်းအဝိုင်းကြီးအလွန် (ယခု အထက (၂) စမ်းချောင်းကျောင်း) ရှေ့အနီး၌ ကားချင်းယှဉ်၍ ရန်ကုန်ဘဆွေနှင့်အဖွဲ့သည် သေနတ်ဖြင့် ချိန်ရွယ်လှမ်းပစ်လိုက်ရာ ဦးစောသည် သေနတ်စတင်ချိန်ရွယ်စဉ်ကပင် ခေါင်းကို ကားထဲငုံ့ချလိုက်သည်။ သို့သော် ကျည်ဆံသည် လူကိုမထိသော်လည်း ကားမှန်ကို ထိသွားသည်။ ကားမှန်ကွဲပြီးလွင့်စင်လာသော မှန်စများကြောင့် ဂဠုန်ဦးစော၏မျက်စိကိုထိမှန်ကာ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရသည်။
သေနတ်သမားများသည် ပြည်သူ့ရဲဘော်ဝတ်စုံများဝတ်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်း၏ လူများဟု ယူဆကာ ဗိုလ်ချုပ်၏စေခိုင်းချက်အရ သူ့အား နိုင်ငံရေးအရ လုပ်ကြံခဲ့သည်ဟု တသက်လုံးမှတ်ယူသွားခဲ့သည်။
ဤသို့ ရန်ကုန်ဘဆွေနှင့် ဗိုလ်အောင်ကြီး၊ ဗိုလ်ချုပ်နေဝင်းတို့၏ မဆင်မခြင် မင်းမဲ့စရိုက်ဆန်ဆန် ပြုမူဆောင်ရွက်ခဲ့မှုကြောင့် ခုတ်ရာတခြား၊ ရှရာတခြားဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် အငြိုးအတေးကြီးသော ဦးစော၏လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရ သည်။
ရန်ကုန်ဘဆွေသည် စွန့်လွှတ်စွန့်စားနိုင်သူလည်း ဖြစ်သည်။ ပြည်တွင်းစစ်ကာလ ဗမာ့တပ်မတော်မှ ဗိုလ်မှူးကြီး မောင်မောင် (နောင် ဗိုလ် မှူးချုပ်) နှင့်အဖွဲ့အား ကရင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့အား ကယ်တင်ရန်အ တွက် ဗိုလ်မှူးကြီးစောမြင့်၏ကွပ်ကဲမှုဖြင့် ရန်ကုန်ဘဆွေနှင့်အဖွဲ့သည် ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ပြည်လည်ကယ်ထုတ် နိုင်ခဲ့သည်။
ရန်ကုန်ဘဆွေသည် စာပေအနုပညာဝါသနာထုံ၍ အောင်မြင်သောစာရေးဆရာ ပန်းချီဆရာတစ်ဦးလည်း ဖြစ်နေပြန်သည်။ ၁၉၄၆ ခုနှစ် တွင် ပြဇာတ်နယ်သို့ဝင်ရောက် စစ်ပြန်၊ စံထူး၊ ခဝဲပွင့်ချိန် စသည့် တိုက်ခိုက်ရေးပြဇာတ်များကို နေသူရိန်ရုံ၌ တင်ဆက်ခဲ့သည်။
၁၉၄၅ ခုနှစ်တွင် ရုပ်ရှင်နယ်သို့ ဝင်ရောက်၍ ၁၉၅၅ ခုနှစ်တွင် “မာန်” ရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဂျာနယ်ပြာ ဂျာနယ်နှင့် ၁၉၅၈ ခုနှစ်တွင် “မီးဒုတ်” ဂျာနယ်တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၅၆-၅၇ တွင် နာဂတောင်တန်း လေ့လာရေးခရီးသွားရောက်ခဲ့သည်။
၁၉၅၉-၆၀ တွင် မြန်မာနိုင်ငံစာရေးအသင်း၌ အမှုဆောင်အဖွဲ့ဝင်၊ ၁၉၆၀-၆၃ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာ အသင်း ဒုတိယဥက္ကဋ္ဌ၊ ၁၉၆၃-၆၄ ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ တာဝန်တို့ကို ယူခဲ့သည်။
ရန်ကုန်ဘဆွေ၏ ထင်ရှားသောဝတ္ထုများမှာ ချီလေသော်လည်း(၁၉၆၃)၊ တိုက်ယူရသည့် မျက်ရည်တစ်ပေါက် (၁၉၆၃)၊ နန်းဟာဗီး (၁၉၆၄)၊ သေသော်မှသည်သြော်ကောင်း၏ (၁၉၆၄)၊ သည်မိုးသည်လေ (၁၉၆၄)၊ ခေတ်၏သားကောင် (၁၉၆၄)၊ ဆိုးပေ (၁၉၆၄)၊ မြန်မာ ပြည်သား (၁၉၆၅)၊ ရွှေဝါပြည် (၁၉၆၅)၊ အထီးကျန်၊ မြင့်မိုရ်ကိုချွေပျက်ကြွေမည့် ယောက်ျား၊ စနစ်တွေအတင်းပြောင်းလဲမည်၊ ရဲဘော်တို့နှင့် အတူ၊ ဖက်ဆစ်သူရဲတွေပတ်လည်ဝိုင်း၍ စသည်တို့ဖြစ်သည်။ ထို့အပြင် နဝဒေးတခန်းရပ်ပြဇာတ်၊ မင်းသားကိုကြီးကောင်းပြဇာတ် စသည့် ပြဇာတ်များ၊ ချစ်ဇနီးသို့အမည်ဆေးပညာပေး ကျမ်း၊ စကားနက်၊ ပန်းသွင်သီကုံးရေးနည်းဖွဲ့ချင်သော်၊ စာရေးခြင်းအတတ် စသည့် စာပေ အရေးအသားဆိုင်ရာစာအုပ်များ ရေးသားခဲ့သည်။ ဦးသော်ဇင်နှင့် တွဲဖက်၍ “မိုးတိမ်တမန်”၊ “မေဃဒူတ” သက္ကတဝတ္ထုတို့ကိုလည်း မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့သည်။ ပြည်သူ့အရေးတော်ပုံသမိုင်း၊ ပန်းချီအခြေခံသဘောတရား၊ ဗေဒင်ပညာ စသည့်စာအုပ်များသည် ယနေ့တိုင် မ ထုတ်ဝေရသေးပေ။
၁၉၇၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖွဲ့စည်းခဲ့သော ပြည်သူ့ပြည်ချစ်ပါတီတွင် ရန်ကုန်ဘဆွေသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်လှုပ်ရှား၍ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် (၂/၂၈၀) ထုတ်ပြန်ပြီးနောက် ၁၉၈၀ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကော့သောင်း မြို့မှတဆင့် အလင်းဝင်ရောက်ခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ပါတိတ်ပန်းချီရေးဆွဲခြင်း၊ မော်ဒန်ပန်းချီရေးဆွဲခြင်းတို့အပါအဝင် အနုပညာလုပ်ငန်းများ လုပ် ကိုင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ် ဇန်နဝါရီလတွင် ရန်ကုန်ဘဆွေအား နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဘွဲ့ ချီးမြှင့်ခဲ့သည်။
၁၉၈၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဖဆပလ တိုက်ခန်းနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်မြသွေးနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။

Monday, January 7, 2013

Ludwig van Beethoven

နားမကြားသော်လည်း အကောင်းဆုံး ဂီတသမား ဖြစ်ခဲ့သူ
နားမကြားပေမယ့် ကမ္ဘာက လေးစားရတဲ့ တေးပြ - ကွန်ပိုဇာ နဲ့ စန္တယား ပညာရှင် ဖြစ်ခဲ့သူကတော့ ဂျာမန်က Ludwig van Beethoven (လူဗစ် ဗန်း ဘိတ်တိုဗန်) အမည်ရ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
သက်တော် ၅၇ နှစ်နေရတဲ့ လူ့ဘဝ သက်တမ်းမှာ အသက် ၂၆ နှစ် နောက် ပိုင်းက နားမကြားတဲ့ ကာလ ဖြစ်ခဲ့ရပြီး အောင်မြင်မှုကတော့ ကွယ်လွန် တဲ့အချိန်ထိ ယူသွားပါတယ်။ ယနေ့တိုင်လည်း Classical နဲ့ Romantic ဂီတလောက၊ အနောက်တိုင်း အနုပညာ ဂီတလောကမှာ မသိသူ မရှိပါဘူး။ ၁၇၇၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မွေးဖွားပြီး မိဘနှစ်ပါးလုံးက ဂီတ ပညာရှင်များ ဖြစ်တဲ့အတွက် ဆရာထပ်ငှားစရာ မလိုပဲ တတ်မြောက်ခဲ့ ပါတယ်။
... အသက် ၂၆ နှစ် အရွယ်ရောက်လာချိန်မှာတော့ နားမကြားတဲ့ ရောဂါက စပါတယ်။ အဲ့ဒီအချိန်တုန်းက အစပျိုးဆဲ ကာလ ဖြစ်ပြီး နားလုံးဝ မကြားတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ သို့ပေမယ့် စကားသံတောင် ကျယ်ကျယ် နားထောင်လို့မရတဲ့ အခြေအနေမို့ Classical တေးဂီတဝိုင်း တစ်ခုလုံးကို ရှေ့ က compose လုပ်ပေးဖို့အတွက် အခက်အခဲများစွာ ရှိခဲ့ပါတယ်။ နားမှာ အမြဲတမ်း ဆူညံသံသာ ကြားနေရပြီး ဖျော်ဖြေပွဲတွေ ရွှေ့ဆိုင်းရတာမျိုး၊ သူ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ compositions များကို ပြန်လည် မချပြ နိုင်တော့တာမျိုး ဖြစ်ခဲ့ပါတယ်။
သို့ပေမ့ယ် ဇွဲလုံးဝ မလျော့ပဲ နားမကြားတကြား ဘဝနဲ့ပဲ ကြိုးစားရာ ၁၈၀၁ ခုနှစ်ရောက်တော့ အခြေအနေ ပိုဆိုးသွားတဲ့အတွက် ကိုယ့်ကိုယ့် ကို သေကြောင်း ကြံဖို့တောင် ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဂီတ သမားတစ်ယောက် အနေနဲ့ အကြားအာရုံ ဆုံးရှုံးရခြင်းဟာ နေဝင်ချိန်မို့ သေတာ အကောင်းဆုံး လို့ သူဆုံးဖြတ်ခဲ့ပါတယ်။ သို့ပေမယ့် ချက်ချင်းပဲ ဆုံဖြတ်ချက် ပြန်ပြင် လိုက်ပြီး နားမကြားလည်း သူလုပ်နိုင်မယ် ဆိုတဲ့ ခံယူချက်ကို ပြန်လည် ထားရှိပါတယ်။ ၁၈၁၂ ခုနှစ်ရောက်တော့ လုံးဝ မကြားတဲ့ ကာလကို ရောက် ရှိသွားပြီ ဖြစ်ပါတယ်။ သို့တည့်တိုင် ကွန်ပိုဇာလုပ်၊ စန္တယား တီးနေဆဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာ တင်ဆက် မှုတိုင်းကို လူတွေကြိုက် ဆဲ ဖြစ်ပါ တယ်။ ပြဇာတ်ရုံမှာ လူရှန်ဆဲ ဖြစ်ပါတယ်။
သို့သော် နားမကြားတဲ့ အခြေအနေ ဆိုတော့ တစ်ခါခါက အလွဲဖြစ်ရပါတယ်။ သူနားမကြားတော့ အသံရဲ့  တုန်ခါမှု ဘေ့စ်ကို လုံးဝ မခံစားရတော့ပါဘူး။ ဒါကြောင့် သူ့ရဲ့  တေးဂီတ ဖန်တီးမှုက တစ်ခါခါကျ ဘေ့စ်သံ များပြီး ပရိတ်သတ်တို့ စိတ်အနှောက်အယှက် ဖြစ်သွားပါတယ်။ သူ နားမကြားတာ ကိုလည်း သိသူနည်းပါတယ်။ ဒီတော့ နောက်ပိုင်း ဂီတ ဖျော်ဖြေမှုထက် အရေး အသားပိုင်းကို ရောက်ပြီး သူဖန်တီးသမျှ ဂီတအကြောင်း၊ ဂန္တဝင် တေး စာစုများ၊ အခြားသော အနုပညာ စာပေများ ရေးသားပြီး ကမ္ဘာ အနှံ့ပျံ့ နှံ့ ခဲ့ပါတယ်။ ယနေ့တိုင်လည်း အသုံးဝင်မြဲ ဖြစ်ပါတယ်။
၁၈၂၇ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ ကွယ်လွန်ပြီး ဇာပန အခမ်းအနားများ လူပေါင်း ၂ သောင်းမက တက်ရောက်ခဲ့ပါတယ်။ ယနေ့တိုင်လည်း သူ့ကိုယ်စားပြု မှတ်တမ်းတင်ထားမှုများ၊ ကျောက်ရုပ်တုများ၊ အခမ်းအနား များ ကျင်းပဆဲ ဖြစ်ပြီး ကမ္ဘာကို လွမ်းမိုးနိုင်တဲ့ အနုပညာရှင် တစ်ဦးလို့ သတ်မှတ်ထားပါတယ်။ နားမကြားတဲ့ ကာလ အတော်ကြာ မှာတောင် အောင်မြင်မှု အရှိန်မရပ်ပဲ မြင့်သထက် မြင့်အောင် စွမ်းဆောင်နိုင် တဲ့ Beethoven (ဘိတ်သိုဗန်) ဟာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦး အဖြစ် ယနေ့တိုင် အသိမှတ်ပြုခံထားရဆဲ ဖြစ်ကြောင်း သရပါတယ်။