Monday, January 7, 2013

မေတ္တာတရားနဲ့ လေးစားမှုရှိဖို့ ရည်ရွယ်ကျင်းပတဲ့ ဟော်လိုကော့စ် အမှတ်တရနေ့

မေတ္တာတရားနဲ့ လေးစားမှုရှိဖို့ ရည်ရွယ်ကျင်းပတဲ့ ဟော်လိုကော့စ် အမှတ်တရနေ့

မေစန္ဒီ-အတွဲ ၂၆၊ အမှတ် ၅၀၄ (၄-၁၀ ၊ ၂ ၊ ၂၀၁၁)
"When Words Fail" ပန်းချီပြပွဲကို တက်ရောက် ခဲ့တဲ့ မစ္စဆာရာ အတ်ဇ်မွန်။ (အပေါ်)နှင့် 'လူစစ်ခြင်း'လို့အမည်ပေးထားတဲ့ မစ္စဆာရာရဲ့ ပန်းချီလက်ရာတစ်ခု။ပန်းချီကားရဲ့အောက်မှာ “Bergen-Belsen အကျဉ်းစခန်းမှာ ကျွန်မတို့ မနက်တိုင်း ဆီးနှင်း ထဲမှာ တန်းစီရတယ်။ သူတို့က ကျွန်မတို့ကိုမနားတမ်းရေကြတယ်။ လဲကျနေသူတွေကိုလည်း ရေကြတယ်..."လို့ မစ္စဆာရာက ဖော်ပြခဲ့တယ်။
ဟော်လိုကော့စ်ရဲ့ အဓိပ္ပာယ်ကို ငရဲခန်း၊ ငရဲမီးလို့ ဘာသာပြန်ကြသလို စာရေးဆရာတစ်ဦးကတော့ ဥဿုံငရဲမီးလို့ ဘာသာပြန်ထားတာဖတ်ဖူး ပါတယ်။

ဘယ်လိုပဲဘာသာပြန်ပြန် အဓိက ကတော့ ကြောက်စရာကောင်းလွန်း
တဲ့အဖြစ်အပျက်ဆိုးကြီးကို ဖော်ညွှန်းပြောဆိုတာပဲဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ် ကနေ ၁၉၄၅ ခုနှစ်ထိ ၁၀ နှစ်ကျော်တိုင် ဂျာမန်အမျိုးသား ခေါင်းဆောင်ဟစ်တလာဦးဆောင်တဲ့နာဇီတပ်ဖွဲ့တွေ ဂျူးလူမျိုးမုန်းတီး ရေးဝါဒကိုအကြောင်းပြုလို့ ကလေးသူငယ် ၁ ဒသမ ၅ သန်းအပါအ၀င် ဂျူးလူမျိုးခြောက်သန်း လောက်ကို၊ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ သမိုင်း တွင်ဖြစ်ရပ်ဆိုးကြီးကို ဆိုလိုတာ ပဲဖြစ်ပါတယ်။
ဒီလိုဖြစ်ရပ်ဆိုးကြီး ကြောင့် သေဆုံးခဲ့ရရှာတဲ့ ဂျူးလူမျိုးတွေကို အမှတ် တရရှိတဲ့ အနေနဲ့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးအပါအ၀င် ကမ္ဘာ တစ်ဝန်းလုံးမှာ ရက်တစ်ရက်သတ်မှတ်လို့ နှစ်စဉ်ဝမ်းနည်းခြင်းအထိမ်း အမှတ်ပွဲတွေကျင်းပကြတယ်။အဲဒီနေ့ကတော့ ဇန်န၀ါရီလ ၂၇ ရက်နေ့။
မြန်မာနိုင်ငံမှာလည်းဟော်လိုကော
့စ် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အစ္စရေးသံရုံး၊ ဂျာမန်သံရုံး၊ ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ ကုလသမဂ္ဂ
ပြန်ကြားရေးဌာန တို့ ပူးပေါင်းပြီး ဟော်လိုကော့စ်ကနေ အသက်မသေ
ဘဲ လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် ဟန်ဂေရီ နိုင်ငံဖွား မစ္စဆာရာအတ်ဇ်မွန်ရဲ့ ပန်းချီလက်ရာတွေနဲ့ ပြပွဲလေး တစ်ပွဲ ကိုစမ်းချောင်းမြို့နယ်မှာတည်ရှ
ိတဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဇန်နဝါရီ
လ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ကျင်းပခဲ့ကာ ၂၇ ရက်နေ့မှာ တော့ သေဆုံးသွားသူတွေအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဂုဏ်ပြု ခဲ့ကြတယ်။

"When Words Fail" လို့အမည်ပေးထားတဲ့ ပန်းချီပွဲဖွင့်ပွဲကို လက်ရှိ
နေထိုင်ရာ အစ္စရေး နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်ပြီး တက် ရောက်ခဲ့ တဲ့ မစ္စဆာရာဟာ ဒုတိယကမ္ဘာစစ် အတွင်း သူ့အသက် ၁၁ နှစ်အရွယ်မှာ နာဇီတို့ရဲ့အကြီးဆုံးသေမင်းတမန် အကျဉ်းစခန်း Auschwitz နဲ့ တခြား စခန်းတွေမှာ မိသားစုနဲ့အတူ ပင်ပန်းဆင်းရဲစွာ နေထိုင်ခဲ့ရပြီး အဲဒီမှာ ဖခင်နဲ့ အစ်ကိုသုံးဦးဆုံးရှုံးခဲ့ရသူပါ။
ဒါကြောင့် သူကြုံတွေ့ခဲ့ရတဲ့ ကြောက်စရာအဖြစ်ဆိုးတွေကို နှောင်းလူတွေသိရှိနိုင်ဖို့အတွက် ပန်းချီအနု ပညာကနေတစ်ဆင့် တင်ပြ ခြင်းဟာ အကောင်းဆုံးလို့ထင်တာမို့ ပန်းချီကားတွေဖန်တီးပြီး ကမ္ဘာတစ်ဝန်းမှာ ပြသ ခဲ့တယ်လို့ မစ္စဆာရာက ဆိုပါတယ်။
"ပန်းချီစဆွဲတဲ့အခါမှာ အတိတ်က အဲဒီနေရာကို ပြန်ရောက်သွားတယ်။ အဲလိုပြန်သွားဖို့ သတ္တိလိုတယ်။ ဘာလို့ လဲဆိုတော့ ဒီအဖြစ် ကြီးကို ကြောက်တဲ့ စိတ်ကြောင့်ပဲ။ ကျွန်မလည်း ကျွန်မရဲ့ အတိတ်ကိုမမေ့ဖို့ ကြံ့ခိုင်ဖို့လိုတယ်။ကျွန်မ ဒီသတ္တိတွေကို ပန်းချီကရ တယ်" လို့ မစ္စဆာရာက ပြပွဲဖွင့်ပွဲနေ့မှာ ပြော ခဲ့ပါတယ်။
ပြပွဲမှာ နောက်ဆုံးစားရသော ထမင်း တစ်နပ်၊ လူစစ်ခြင်း၊ ဘုရားစင်ကို မျက်နှာမူလျက်၊ ဟန်ဂေရီနိုင်ငံရထားပို့ဆောင်ရေး၊ညီနောင် သွေးစက် အစ ရှိသဖြင့် ခေါင်းစဉ်တွေပေးထားတဲ့ ပန်းချီကားတွေဟာ ကြည့်ရှုသူတွေကို နံရိုးအပြိုင်းပြိုင်းထနေတဲ့ ဂျူးလူမျိုး တွေရဲ့ ပုံစံ၊ ပါးလွှာတဲ့လွှာ ပေါင်မုန့် တစ်ချပ်ကို တစ်ရက်နှုန်းနဲ့ စားရတဲ့ သူတို့ဘ၀၊ အဆိပ်ငွေ့ခန်းထဲမှာ တောင်လို ပုံနေတဲ့ ၀တ်လစ်စလစ် အလောင်းတွေရဲ့ ပုံရိပ်တွေကို မျက်လုံးထဲ မြင်ယောင်လာမိစေကာ ရင်နင့်စေသလို လူသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး အနိုင် ယူကာ ထိခိုက်နစ်နာစေ တာမျိုး မလုပ်မိစေဖို့လည်း သတိရမိ စေပါတယ်။
"စကြာပုံရှိတဲ့နာဇီသင်္ကေတကိုကျွန်မရေးဆွဲဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အဲလိုကြိုးစားလိုက်တိုင်းမှာ ကျွန်မရဲ့ရင်ထဲက ဒေါသမီး ကို မထိန်း နိုင်ခဲ့ပါဘူး။ ပန်းချီကား တစ်ချပ်လုံးက ကျွန်မကို ရပ်တန့်စေခဲ့တယ်" လို့ ညီ နောင်သွေးစက်ပန်းချီကားချပ်ထဲမှာ ရေးသား ဖော်ပြထားတဲ့ မစ္စဆာရာရဲ့ စာသားတွေကို ဖတ်မိတဲ့ အချိန်မှာ မြန်မာနိုင်ငံက လူငယ်တချို့ အထူးသဖြင့် ပန့်ခ်ခရေဇီတစ်တွေ ဆွာစ တစ်ကာလို့ခေါ်တဲ့ စကြာပုံ နာဇီသင်္ကေတကို တံဆိပ်တွေ၊ ခါးပတ်တွေနဲ့ လက်ကိုင်ပ၀ါတွေမှာ ရိုက်နှိပ်ပြီး ဖက်ရှင်အဖြစ် ၀တ်စားကြ တာကို သတိရလိုက်မိတယ်။ တစ်ဆက်တည်းမှာပဲ သူတို့ တစ်တွေ ဒါကို မသိလို့ပဲဝတ်တာလား၊ သိလျက်နဲ့ပဲ ၀တ်တာလားဆိုတာကို လည်း သိချင်ခဲ့မိတယ်။
"ငယ်ငယ်တုန်းကတော့ ဒီနာဇီတံဆိပ်တွေ၊ ရင်ထိုးတွေကို စုခဲ့တယ်။ မိဘတွေ၊ ဆရာတွေ၊ ဆရာမတွေက ဒါဟာမကောင်းဘူလို့သာ ပြောပေမယ့် ဘာကြောင့် မကောင်းဘူးဆိုတာကိုတော့ တစ်ခါမှ ရှင်းမပြခဲ့ဘူး။ အကြောင်းရင်းကို သေချာမသိတော့ အဲဒီတုန်းက လူငယ်ဆိုတော့ မလုပ်နဲ့ဆိုပိုလုပ်ချင်ခဲ့တယ်"လို့ ပန့်ခ်ခရေဇီဖြစ် သလို ပန့်ခ်အဆို တော်လည်းဖြစ်တဲ့ ရဲငွေစိုးက သူငယ်စဉ်က ဆွာစ တစ်ကာတွေ ၀တ်ဆင်ဖြစ်ခဲ့ပုံကိုပြောပြပါတယ်။
ရဲငွေစိုးလိုပဲ ပန့်ခ်ခရေဇီတစ်ဦးဖြစ် တဲ့ ကိုသက်ခိုင်ကတော့ "ဒါတွေမသိ ခင်က ဒီသင်္ကေတဟာ မျိုးချစ်စိတ်ကို ကိုယ်စားပြုတယ်လို့ ထင်ခဲ့တယ်။ ဟစ် တလာရဲ့မိန့်ခွန်း၊ ဟန်ပန်အမူအရာ တွေ၊ သူရဲ့ဟိတ်ဟန်တွေကို အားကျခဲ့မိ တယ်"လို့ ဆိုပါတယ်။
နောက်ပိုင်းဟော်လိုကော့စ်နဲ့ပတ်သက်တဲ့စာအုပ်တွေ၊ ရုပ်ရှင်တွေကိုလေ့လာဖြစ်တဲ့အခါ နာဇီသင်္ကေတနဲ့ပတ်သက်ပြီး စွဲလမ်းမှုလုံးဝ မရှိတော့ ဘူးလို့ သူကပြောပါတယ်။
ဒါကြောင့် ပြင်သစ်ယဉ်ကျေးမှုဌာန မှ ဒါရိုက်တာ ဖဘ်ရီးစ်အေတိရမ်းက ဒုတိယကမ္ဘာစစ်အတွင်း ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ဂျူးလူမျိုး တွေရဲ့ ဖြစ်ရပ်မှန်ကို အများပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ ရည်ရွယ်ပြီး ဟော်လိုကော့စ် အမှတ်တရနေ့နဲ့ ပန်းချီပြပွဲကို ကျင်းပ ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စဆာရာကလည်း လူငယ်တွေ အကြောင်းရင်းခံကို သေချာမသိဘဲ အတုယူမမှားအောင် သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း ပုဂ္ဂလိက ကျောင်းတွေ က ကျောင်းသား၊ ကျောင်းသူ တချို့ကို တွေ့ဆုံခဲ့ပြီး သူကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ် မှန်အတိတ်အကြောင်းတွေကို ပြောပြခဲ့ သလို တစ်ဦးအပေါ်တစ်ဦး မေတ္တာ ထားကြဖို့နဲ့ လေးစားမှုရှိဖို့ ပြောဆိုခဲ့ပါတယ်။
"ကလေးတစ်ယောက်က ကျွန်မကို မေးပါတယ်။ ဒါကို ခွင့်လွှတ်လို့ ရလားတဲ့။ ကျွန်မအတွက် ခွင့်လွှတ်နိုင်ပေမယ့် သေဆုံးသွားတဲ့ ကျွန်မအဖေနဲ့ မောင်နှမသားချင်းတွေအတွက်တော့ ခွင့်မလွှတ်နိုင်ဘူးလို့ဖြေခဲ့တယ်"လို့ မစ္စဆာရာက ဆိုပါတယ်။
ခု ..ဟော်လိုကော့စ်ရဲ့ အကြောင်း သိပြီဆိုတော့ မစ္စဆာရာ အတ်ဇ်မွန် နေရာမှာ သင်သာ ဆိုရင် စကြာပုံရှိတဲ့ နာဇီသင်္ကေတကိုမြင် တိုင်း ဘယ်လို ခံစားရမလဲ ...။

No comments:

Post a Comment