Tuesday, July 30, 2013
တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)
တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ
(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၇။)
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)
နိဒါန်း
ပြည်ထောင်စုလွှတ်တော်သည် တရားရုံး၏ မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေး၊ တရားရုံး၏ ဂုဏ်သိက္ခာနှင့် အများပြည်သူ ယုံကြည် ကိုးစားမှုကို မထိခိုက်စေရေးတို့အတွက် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ် ဖော်ပြချက်
၁။
ဤဥပဒေကို တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေဟု ခေါ်တွင်စေရမည်။
၂။
ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က)
တရားရုံး ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၉၃ ပါ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းသည့် အောက်ပါ တရားရုံးများကို ဆိုသည်-
(၁)
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရား ရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ် တရားရုံးများနှင့် ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ၊
(၂)
စစ်ဘက်ဆိုင်ရာတရားရုံးများ၊
(၃)
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး။
(ခ)
တရားရုံးများကို မထီမဲ့မြင်ပြုမှု ဆိုသည်မှာ တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုနှင့် ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကိုဆိုသည်။
(ဂ)
တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှု ဆိုသည်မှာ တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့်သော ဆင့်စာကို တမင်သက်သက် မလိုက်နာခြင်းကို ဆိုသည်။
(ဃ)
ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ဆိုသည်မှာ အောက်ပါ အပြုအမူ တစ်ခုခုအတွက် အကြောင်းအရာတစ်ရပ်ရပ်ကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ် သင်္ကေတဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့် ဖြစ်စေ၊ တမင်ထုတ်ဖော် ကြေညာခြင်း၊ သတင်းအဖြစ် ရေးသား ဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ဆိုသည်-
(၁)
တရားရုံး၏ ဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေခြင်း သို့မဟုတ် သေးသိမ်ရန် ဖြစ်တန်စေခြင်း၊
(၂)
တရားစီရင်သော မှုခင်းကိစ္စတွင် ဖြောင့်မှန်စွာ ဆောင်ရွက်မှုကို ထိခိုက်စေခြင်း၊ စွက်ဖက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊
(၃)
မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်း စေရန် တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊
(၄)
တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များကို တစ်စုံတစ်ရာ အဆုံးအဖြတ် မပေးရသေးမီ ကြိုတင်ဝေဖန်ပြောဆိုခြင်း၊ ရေးသား ဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း။
(င)
တရားလွှတ်တော်ဆိုသည်မှာ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်ကို ဆိုသည်။
အခန်း(၂)
စီရင်ပိုင်ခွင့်နှင့် အရေးယူပိုင်ခွင့်
၃။
တရားလွှတ်တော်သည် တရားရုံးကို မထီမဲ့မြင်ပြုမှုအား ဤဥပဒေအရ စစ်ဆေးစီရင် ပိုင်ခွင့်ရှိသည်။
၎။
တရားလွှတ်တော်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စစ်ဘက်ဆိုင်ရာ တရားရုံး သို့မဟုတ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို မထီမဲ့မြင်ပြုမှုအတွက် သက်ဆိုင်ရာ တရားရုံးမှ တာဝန်ရှိသူတစ်ဦး၏ လျှောက်ထားချက်အရ အရေးယူ ပိုင်ခွင့်ရှိသည်။
၅။
တရားလွှတ်တော်သည်-
(က)
မိမိသဘောအလျောက်ဖြစ်စေ၊
(ခ)
နစ်နာသူအမှုသည် တစ်ဦး၏ လျှောက်ထားချက်အရဖြစ်စေ၊
(ဂ)
အခြားနည်းအရဖြစ်စေ၊ တရားရုံးတစ်ရုံးကို မထီမဲ့မြင်ပြုမှုအား အရေးယူပိုင်ခွင့် ရှိသည်။ သို့ရာတွင် ကျူးလွန်ကြောင်း စွပ်စွဲထားသည့် မထီမဲ့မြင်ပြုမှုမှာ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်သော မထီမဲ့မြင်ပြုမှု ဖြစ်ပါက အရေးယူခွင့် မရှိစေရ။
၆။
တရားလွှတ်တော်သည်-
(က)
တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကို တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက် ရမည်။
(ခ)
ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကို ပြစ်မှုဆိုင်ရာ အထွေထွေမှု ဖွင့်လှစ် ဆောင်ရွက်ရမည်။
အခန်း(၃)
ကင်းလွတ်ချက်များ
၇။
ဆောင်ရွက်ဆဲ တရားစီရင်သော မှုခင်းတစ်ရပ်နှင့်စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန် တိကျခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတ ဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားတစ်နည်း နည်းဖြင့်ဖြစ်စေ ထုတ်ဖော် ကြေညာခြင်း၊ သတင်းအဖြစ် ရေးသားဖော်ပြခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက် စေရ။
၈။
စစ်ဆေးကြားနာ၍ အပြီးသတ် အမိန့်ချမှတ်ထားပြီးဖြစ်သည့် တရားစီရင်သော မှုခင်းတစ်ရပ်၏ အရည်အသွေးအပေါ် မျှတစွာ သုံးသပ်ချက် သို့မဟုတ် ဝေဖန်ချက်ကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက် စေရ။
၉။
ဤဥပဒေတွင် မည်သို့ပါရှိစေကာမူ အောက်ဖော်ပြပါ အကြောင်းအရာများမှအပ အများပြည်သူ ဝင်ရောက်ခြင်းကို ကန့်သတ် ထားသော သီးသန့်ရုံးခန်း၌ ဆောင်ရွက် သည့် တရားစီရင်သော မှုခင်းတစ်ရပ်နှင့်စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန်တိကျ ခိုင်လုံသော အစီရင်ခံစာကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရ-
(က)
တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊
(ခ)
အများပြည်သူဆိုင်ရာ မူဝါဒအရဖြစ်စေ၊ အပ်နှင်းထားသော အခွင့်အာဏာ များကို ကျင့်သုံး၍ ဖြစ်စေ၊ တရားရုံးက အတိအလင်း တားမြစ်ပိတ်ပင် ထားသည့် တရားစီရင်သော မှုခင်းတစ်ရပ်၏ သတင်းအချက်အလက်များနှင့် သရုပ်ဖော်ပြချက်များကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊
(ဂ)
တရားစီရင်သော မှုခင်းတစ်ရပ်တွင် အငြင်းပွားလျက်ရှိသော လျှို့ဝှက် ထားရမည့် လုပ်ငန်းစဉ် စူးစမ်းရှာဖွေတွေ့ရှိချက် သို့မဟုတ် တီထွင်မှု စသည် တို့နှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်များကို ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း။
အခန်း(၄)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၁ဝ။
မည်သူမဆို တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက် မပိုသော အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၁၁။
မည်သူမဆိုတရားရုံးကို တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ကျပ်တစ်သိန်း ထက် မပိုသော ငွေဒဏ်ချမှတ်ရမည်။ ထိုသို့ ငွေဒဏ် ချမှတ်ရုံမျှဖြင့် လုံလောက်မှုမရှိဟု ထင်မြင်ပါက သုံးလထက်မပိုသော တရားမထောင်ဒဏ်ကို ချမှတ်နိုင်သည်။
အခန်း(၅)
အယူခံဝင်ခွင့်
၁၂။
တရားလွှတ်တော်သည် တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်သူက သော်လည်းကောင်း၊ တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုကျူးလွန်သူက သော်လည်းကောင်း ကျေနပ်လောက်အောင် ဝန်ချတောင်းပန်လျှင် ထိုသူအား သတိပေးပြီး အပြစ်မှ လွှတ်နိုင်သည် သို့မဟုတ် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုနိုင်သည်။
၁၃။
တရားရုံးကို မထီမဲ့မြင်ပြုမှုနှင့်စပ်လျဉ်း၍ တရားလွှတ်တော်က ချမှတ်သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ပြည်ထောင်စု တရားလွှတ်တော် ချုပ်သို့ အယူခံဝင်ခွင့်ရှိသည်။
အခန်း(၆)
အထွေထွေ
၁၄။
တရားရုံးကို မထီမဲ့မြင်ပြုမှုကို ကျူးလွန်ခဲ့သည်ဟု အဆိုရှိသောနေ့မှစ၍ တစ်နှစ်အတွင်း အမှုကိုစွဲဆိုရမည်။ သတ်မှတ်ထားသော ကာလထက် ကျော်လွန်ပါက မည်သည့်တရား လွှတ်တော်ကမျှ အဆိုပါအမှုကို အရေးယူ ဆောင်ရွက်ခြင်းမပြုရ။
၁၅။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လိုအပ်သော နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၁၆။
The Contempt of Courts Act  ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ် ရေးထိုးသည်။       
(ပုံ)သိန်းစိန်                
နိုင်ငံတော်သမ္မတ            
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Friday, July 19, 2013
စာရွက်စာတမ်းအမျိုးမျိုးကို ဖော်ပြတဲ့ ဝေါဟာရတွေ
စာရွက်စာတမ်းအမျိုးမျိုးကို ဖော်ပြတဲ့ ဝေါဟာရတွေ အများအပြား ရှိပါတယ်။ အဲဒီလို ဝေါဟာရအချို့ရဲ့ အဓိပ္ပာယ်နဲ့ သုံးပုံသုံးနည်းတွေကို ရှင်းလင်းဖော်ပြလိုက်ပါတယ်။
၁။ Bond - သဘောတူညီချက်ကို မလိုက်နာဘူးဆိုရင် ငွေပေးချေရမယ်ဆိုပြီး သဘောတူညီထားတာကို ဘွန်းထိုးထားတယ်လို့ ခေါ်ပါတယ်။ ကော်လို ကပ်တာ၊ ကန့်သတ်ချုပ်နှောင်ထားတာ၊ စုစည်းထားတာ၊ အင်အား၊ အရာဝတ္ထု စတာတွေကိုလည်း လို့ ခေါ်ပါတယ်။ verb ကြိယာ အနေနဲ့လည်း သုံးလို့ရပါတယ်။
၂။ Certificate - တစ်စုံတစ်ခု မှန်ကန်ကြောင်း ဒါမှမဟုတ် တစ်စုံတစ်ဦး အရည်အချင်း ပြည့်မီကြောင်း၊ ကြွေးမြီ ရှိကြောင်း၊ ပိုင်ဆိုင်ကြောင်း စသည်ဖြင့် ဖော်ပြတဲ့ စာရွက်စာတမ်းကို သက်သေခံလက်မှတ်လို့ ခေါ်ပါတယ်။ ကြိယာပုံစံကတော့ သက်သေခံလက်မှတ်ထုတ်ပေးသည် certify ဖြစ်ပါတယ်။
၃။ Charter - ပဋိညာဉ်^ငှားရမ်းခြင်း ဆိုတာကတော့ သတ်မှတ်ချက်တွေ၊ ခံစားခွင့်တွေ၊ အခွင့်အရေး တွေကို သတ်မှတ်ဖော်ပြပြီး စာနဲ့ ရေးသားချုပ်ဆိုထားတဲ့ နှစ်ဘက်သဘောတူ ကန်ထရိုက်စာချုပ် ဒါမှမဟုတ် စာချုပ်စာတမ်း၊ ဒါမှမဟုတ် ခွင့်ပြုချက် ဒါမှမဟုတ် အာမခံချက် ဒါမှမဟုတ် ရေယာဉ် လေယာဉ်ကို တစ်စင်းလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ငှားရမ်းတဲ့ စာချုပ် ဖြစ်ပါတယ်။ ကြိယာအနေနဲ့ အဲဒီလို သဘောတူညီချက် ပြုလုပ်တယ်၊ ဒါမှမဟုတ် ငှားရမ်းဖို့ ကမ်းလှမ်းတယ်လို့ သုံးနိုင်ပါတယ်။
၎။ Compact - စာချုပ် ဖြစ်ပါတယ်။ ကျစ်လျစ်သိပ်သည်းသော ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။
၅။ Constitution - အခြေခံဥပဒေဖြစ်ပါတယ်။ နိုင်ငံအပါအ၀င် နိုင်ငံရေးအဖွဲ့အစည်း ဒါမှမဟုတ် လူမှုရေးအဖွဲ့အစည်း တစ်ခုရဲ့ စည်းမျဉ်းတွေ၊ နိုင်ငံသား ဒါမှမဟုတ် အဖွဲ့ဝင်တွေရဲ့ အခွင့်အရေးတွေကို ဖော်ပြထားတဲ့ စာချုပ်စာတမ်း တစ်မျိုးပါ။ နိုင်ငံ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ ဥပဒေတွေ မူတွေ လို့လည်း အဓိပ္ပာယ်ရပါတယ်။ ဓလေ့ထုံးတမ်းတွေ ဥပဒေတွေလို့လည်း အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ ဖွဲ့စည်းပုံ တည်ထောင်ပုံလို့လည်း ဆိုလိုပါတယ်။
၆။ Contract - နှစ်ဘက်သဘောတူ ကန်ထရိုက်စာချုပ်ဖြစ်ပါတယ်။ လူတွေ၊ အဖွဲ့တွေ အကြား ဥပဒေအရ လိုက်နာစေနိုင်တဲ့ သဘောတူညီချက်ကို အသေးစိတ် ဖော်ပြတဲ့ စာရွက်စာတမ်းတစ်မျိုးဖြစ်ပါတယ်။ အဲဒီ လိုမျိုး သဘောတူညီချက်ကိုယ်တိုင်ကိုလည်း ဆိုလိုပါတယ်။ ကြိယာအနေနဲ့ သဘောတူစာချုပ်ချုပ်တယ်လို့ လည်း ဆိုလိုပါတယ်။ ပြစ်မှုဆိုင်ရာ ဝေါဟာရဆိုရင်တော့ တစ်စုံတစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ် ကို ဆိုလိုပါတယ်။
၇။ Convenant - ပဋိညာဉ် သဘောတူညီချက်ဖြစ်ပါတယ်။ စည်းနှောင်မှုရှိတဲ့ တရားဝင် သဘောတူညီချက် ကို မှတ်တမ်းတင်ထားတဲ့ စာချုပ်ပါ။ သဘောတူညီချက်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို သဘောတူညီချက်မျိုးကို ချိုးဖောက်လို့ ကုစားတဲ့ လုပ်ရပ်ကိုလည်း ခေါ်ပါတယ်။ ကြိယာအနေနဲ့ အဲဒီလို သဘောတူညီချက်မျိုးပြုလုပ်တယ်လို့လည်း အဓိပ္ပာယ်ရတယ်။
၈။ Diploma - ဒီပလိုမာဖြစ်ပါတယ်။ ကျောင်း ဒါမှမဟုတ် တက္ကသိုလ်ကနေ သင်တန်းတစ်မျိုး တက်ရောက်အောင်မြင်တဲ့ မှတ်တမ်းတစ်မျိုးကို ဆိုပါတယ်။ အသုံးနည်းတဲ့ အခြားအဓိပ္ပာယ်တွေကတော့ ဂုဏ်ထူးဘွဲ့ထူး ဒါမှမဟုတ် အခွင့်အရေး တစ်ခုခု ပေးတဲ့ စာရယ်၊ တရားဝင် စာရွက်စာတမ်း ဆိုတာတွေဘဲ ဖစ်ပါတယ်။
၉။ Guarantee - အာမခံချက် ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု ဒါမှမဟုတ် အသုံးပြုမှုဆိုင်ရာ စာနဲ့ရေးသား ထားတဲ့ ဒါမှမဟုတ် ထုတ်ဖော်ပြောဆိုတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ ထုတ်ကုန်တစ်ခုရဲ့ ကြာရှည်ခံမှု ဒါမှမဟုတ် အရည်အသွေးကို အာမခံတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို သဘောတူညီချက်မျိုး ပြုလုပ်ပေးတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ကြိယာအနေနဲ့ အဲဒီလို သဘောတူညီချက်မျိုး ပေးတယ်လို့ ဆိုလိုပါတယ်။
၁၀။ Guaranty - Guarantee နဲ့ အဓိပ္ပာယ်တူပါတယ်။ အခြားအဓိပ္ပာယ်အနေနဲ့ အကြွေးဆပ်ခြင်း၊ တာဝန်ကို ထမ်းဆောင်ခြင်း၊ ကတိက၀တ်အတိုင်း ပြုလုပ်ခြင်း (အောက်တွင် ကြည့်ပါ) တို့ ဖြစ်နိုင်ပါတယ်။ ကြိယာအနေနဲ့ အဲဒီလို သဘောတူညီချက်မျိုး ပေးတယ်လို့ ဆိုလိုပါတယ်။
၁၁။ License - လိုင်စင်ဖြစ်ပါတယ်။ လိုင်စင်ပေးကြောင်း သက်သေအထောက်အထား စာရွက်စာတမ်း ဒါမှမဟုတ် အခြားပစ္စည်းကို ဆိုပါတယ်။ လုပ်ငန်းတစ်ခု လုပ်ဆောင်ခွင့် ကိုလည်း ဆိုလိုတယ်၊ မူပိုင်ခွင့် ဒါမှမဟုတ် ကုန်ပစ္စည်း မှတ်ပုံတင် ပိုင်ဆိုင်သူက အခြားသူထံကို အခွင့်အရေးအားလုံး ဒါမှမဟုတ် အချို့အ၀က်ကို ပေးအပ်ခြင်းကိုလည်း ဆိုလိုတယ်။ ကြိယာအနေနဲ့ လိုင်စင်ထုတ်ပေးတယ်လို့ ဆိုလိုတယ်။ အနုပညာ ပုံစံတွေ စံချိန်စံနှုန်းတွေကနေ သွေဖည်တာကိုလည်း ဆိုတယ်။ အဲဒီထက် ပိုမိုကျယ်ပြန့်တဲ့ အဓိပ္ပာယ်အနေနဲ့ လုပ်ဆောင်ဖို့ လွတ်လပ်ခွင့် ဒါမှမဟုတ် ခွင့်ပြုချက်ကို ဆိုတယ်။ အတိအကျအားဖြင့် တာဝန်မဲ့ လုပ်တာ ဒါမှမဟုတ် စံချိန်စံနှုန်းတွေကို ဂရုမပြုဘဲ လုပ်ဆောင်တာကို ခွင့်ပြုတာ ဖြစ်တယ်။ (နောက်အဓိပ္ပာယ်နဲ့ဆိုရင် licentiousness လို့လည်း ခေါ်တယ်။)
၁၂။ Passport - နိုင်ငံကူးလက်မှတ် ဖြစ်ပါတယ်။ အချုပ်အချာအာဏာပိုင်နိုင်ငံများအတွင်းကို ၀င်ရောက်ဖို့ ဒါမှမဟုတ် နိုင်ငံများမှ ထွက်ခွာဖို့ ခွင့်ပြုချက်ပေးတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။ ကြိယာအနေနဲ့ နိုင်ငံတစ်နိုင်ငံကို ဖြတ်သန်းပြီး ပစ္စည်းတွေ ပို့တယ်၊ ယူဆောင်တယ်လို့ ဆိုပါတယ်။ နောက်အဓိပ္ပာယ်ကတော့ ယေဘုယျအားဖြင့် ခရီးသွားခွင့် ဒါမှမဟုတ် တင်စားပြီးတော့ ရည်မှန်းချက် တစ်ရပ် အောင်မြင်ဖို့ စွမ်းနိုင်စေတာ တစ်ခုခုကို ဆိုပါတယ်။
၁၃။ Pledge - ကတိခံဝန်ချက်ဖြစ်ပါတယ်။ တစ်စုံတစ်ခုကို လုပ်ပါ့မယ်လို့ ဒါမှမဟုတ် မလုပ်ပါဘူးလို့ ကတိခံဝန်ချက်ပေးတာဖြစ်ပါတယ်။ လုပ်ဆောင်ချက်တစ်ခုကို ဆောင်ရွက်ပေးဖို့ နှစ်ဘက်သဘောတူ ကန်ထရိုက်စာချုပ် ဒါမှမဟုတ် ကြွေးမြီအတွက် အာမခံချက် ဒါမှမဟုတ် အာမခံပစ္စည်းကိုလည်း ဆိုလိုပါတယ်။ ကြိယာအနေနဲ့ အဲဒီလို ကတိက၀တ် ဒါမှမဟုတ် ကန်ထရိုက်စာချုပ်ကို သဘောတူညီခြင်း ဖြစ်ပါတယ်။
၁၄။ Surety - အာမခံချက် ဖြစ်ပါတယ်။ Guarantee အာမခံချက်၊ Pledge ကတိခံဝန်ချက် ဒါမှမဟုတ် Certainty သေချာမှု၊ Confidence ယုံကြည်ရမှု ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ယုံကြည်စိတ်ချမှု ဒါမှမဟုတ် အာမခံချက်ရဲ့ အခြေခံလို့လည်း ဆိုပါတယ်။
၁၅။ Warrant- လုပ်ဆောင်ခွင့်ပြုခြင်း ဖြစ်ပါတယ်။ လုပ်ဆောင်ခွင့် ဒါမှမဟုတ် ဆောင်ရွက်ခွင့်ပြုတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။ ကြိယာအနေနဲ့ အာမခံခြင်း၊ ကြေညာပြောဆိုခြင်း ဒါမှမဟုတ် အာမခံချက်ပေးခြင်း ဖြစ်ပါတယ်။
Wednesday, July 17, 2013
နိုင်ငံတော်လုပ်ကြံမှုတရားခံ ရန်ကြီးအောင်၏ ကြိုးတိုက်မှာတမ်း
သန်းဝင်းလှိုင်-ဇူလိုင် ၁၃၊၂၀၁၃
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဂဠုန်ဦးစော၏ စေခိုင်းချက်အရ လုပ်ကြံသတ်ဖြတ်ခဲ့ သော လူသတ်တရားခံများအား စစ်ဆေးရန် အထူးခုံရုံးကို ဘုရင်ခံဆာဟူဘတ်ရန့်က ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမိန့်ထုတ်ပြန်၍ ဖွဲ့စည်းပေးခဲ့သည်။ အထူးခုံရုံးသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရုံးထိုင်၍ တရားခံများကို (၃)လ တိုင်တိုင် စစ်ဆေး၍ ရှေ့နေချုပ်ဦးထွန်းဖြူက အထူးခုံရုံးသို့ အပြီးသတ်လျှောက်လဲတင်ပြခဲ့သည်။ အမှုစစ်ဆေးခြင်းပြီးဆုံးပြီးနောက် ရန်ကုန်မြို့ အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ကြီး၌ ဖွင့်လှစ်ထားသော အထူးရာဇဝတ်ခုံရုံး၌ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ခုံရုံးနာယကဦးကျော်မြင့်က စီရင်ချက်ဖတ်ပြ၍ လူသတ်တရားခံ (၉) ဦး (ဂဠုန်ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မောင်နီ(ခ) ဂနီ၊စိန်ကြီး(ခ)မောင်စိန်၊ မှုံကြီး (ခ) မောင်မှုံ တို့ကို ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။
 လုပ်ကြံမှုတွင်ပါဝင်ခဲ့သော ဘညွန့်သည် အစိုးရသက်သေ (ဖော်ကောင်) ဖြစ်သွားသောကြောင့် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ရရှိသွား သည်။ (ဖော်ကောင် ဘညွန့် (ခ) ဦးလှမင်းသည် ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ညောင်ကုန်းလမ်း၊ အိမ်အမှတ် (၁၅) တွင် ကွယ်လွန်သွားခဲ့သည်။)
ကြိုးဒဏ်ချမှတ်တော့မည့်အချိန်တွင် နိုင်ငံတော်လုပ်ကြံမှုတရားခံ ရန်ကြီးအောင်မှာ အသက် (၁၆) နှစ်သာ ရှိသေးသည်ဟုဖခင်ဖြစ်သူက ဇာတာအသစ်ဖွဲံ့ကာ သက်သေအဖြစ်ရုံးတော်သို့  တင်ပြခဲ့သည်။ ထို့ကြောင့် စီရင်ချက်မချမီ အသင့်ခေါ်ထားသော အကျဉ်းထောင်ဆရာဝန် ဒေါက်တာထွန်းဝင်းအား ခုံရုံးအဖွဲ့ဝင်တရားသူကြီးများက ရန်ကြီးအောင်ကို စစ်ဆေးစေရာ ဒေါက်တာထွန်းဝင်းက စစ်ဆေးပြီးနောက် ရန်ကြီးအောင်တွင် အထက်အံသွားပေါက်နေပါပြီ။ အမွှေးအမျှင်များလည်း စုံနေပါပြီ။ အင်္ဂါများလည်း ဖွံ့ဖြိုးနေပြီဖြစ်၍ အသက် (၁၇) နှစ် မှ (၁၈) နှစ် အကြား၌ ရှိပါလိမ့်မည်ဟု မှတ်ချက်ချပေးသည်။ ဤသို့ အရွယ်ရောက်နေပြီ ဆိုလျှင် သူ့အား တရားဝင်သေဒဏ်ပေးနိုင်ပြီဟု ဆို၏။
ထို့ကြောင့် အထူးခုံရုံးက မောင်စိုး၊ သက်နှင်း၊ မောင်စိန်(ခ)စိန်ကြီး(ခ)လှအောင် တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ပြစ်ဒဏ်ထိုက်သင့်သောအကြံတူ၊ ဥာဏ်တူ ပူးပေါင်းကျူးလွန်သည့် လူသတ်မှုအတွက် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ပြီးလျှင် အောက်ပါ တရားခံများပေါ် ကြိုးဒဏ်ချမှတ်လိုက်လေသည်။
ဦးစော၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ (ခ) ကိုနီ (ခ) ဂနီ၊ မှုံကြီး (ခ) မောင်မှုန် တို့အပေါ် ရာဇသတ်ကြီး ပုဒ်မ ၁ဝ၉ ယှဉ်တွဲသော ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ (၁) (ခ) အရ ရာဇ၀တ်ပြစ်မှုများ ကျူးလွန်ရန် အားပေးကူညီမှုအတွက် အပြစ်ရှိကြောင်း အခိုင်အမာတွေ့ရှိရသဖြင့် တရားခံအားလုံးကို ကြိုးဒဏ်ချမှတ်လိုက်သည်။ ထို့နောက် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်မှစ၍ (၇) ရက်အတွင်း အယူခံဝင်နိုင်ကြောင်း အထူးခုံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော် တရားခံများ၏ အယူခံလျှောက်ထားမှုများကို တရားလွှတ်တော်က ၁၉၄၈ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စာမျက်နှာ (၅၇) မျက်နှာရှိသော စီရင်ချက်ဖြင့် ပယ်ချလိုက်လေသည်။ သေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ ပြစ်မှု၏ ပမာဏနှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ အယူခံတင်တရားခံများအပါအ၀င် ကျူးလွန်မှုနှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရန်မဖြစ်ပေ။ နိုင်ငံတော်သမ္မတကသာလျှင် ကရုဏာရှေးရှု၍ လျှော့ပေါ့ပေးလိုလျှင် ပေးပိုင်ခွင့်ရှိသည်ဟု မှတ်ချက်ပြုထားသည်။
ယင်းနောက် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင် နှင့် မှုံကြီးတို့က အခွင့်ထူးအယူခံဝင်ရန် လျှောက်ထားကြလေသည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် တရားလွှတ်တော်ချုပ်က ဦးစောနှင့် အပေါင်းပါတို့၏ လျှောက်လွှာများကို ပယ်ချလိုက်လေသည်။
ထို့နောက် လုပ်ထုံးလုပ်နည်းအရ ဦးစောနှင့်လေးဦးတို့၏ အမှုများကိုလည်းကောင်း၊ အသနားခံစာတင်ကြသော တရားခံများ၏ အမှုများကိုလည်းကောင်း တရားရေးဌာနက စိစစ်၍ သမ္မတ စ၀်ရွှေသိုက်ထံ နောက်ဆုံးတင်ပြခဲ့လေသည်။
အယူခံများကို သမ္မတက စိစစ်၍ ၁၉၄၈ ခုနှစ် မေလ ၅ ရက်နေ့ ရက်စွဲပါ တရားရေးဌာနအတွင်းဝန် ဦးစံညွန့်၏ အမိန့်ဖြင့် ခင်မောင်ရင်အပေါ် ချမှတ်ထားသော သေဒဏ်ကို တစ်သက်တစ်ကျွန်းသို့ နိုင်ငံတော်သမ္မတကြီးက ပြောင်းလဲလျှော့ပေါ့ပေးခဲ့သည်။ ထို့နည်းတူစွာ မေလ ၆ ရက်နေ့တွင်လည်း သုခနှင့် မောင်နီ တို့ကို သေဒဏ်အစား တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲကျခံစေရန် အမိန့်ချမှတ်လိုက်လေသည်။ ကျန်တရားခံများအား မူလအထူးရာဇ၀တ်ခုံရုံးမှ ချမှတ်ခဲ့သော စီရင်ချက်အတိုင်းသေဒဏ်ကို အတည်ပြုပေးခဲ့သည်။ တရားခံများအား ကြိုးပေးမည့်နေ့ကိုလည်း ၁၉၄၈ ခုနှစ် မေလ ၈ ရက် စနေနေ့ကို အတည်ပြုပေးခဲ့သည်။
ဤသို့ဖြင့် ကြိုးပေးရန် နီးကပ်လာပြီဖြစ်၍ ရန်ကုန်ဗဟိုအကျဉ်းထောင်၌ ကြိုးတိုက်တွင် ထည့်သွင်းထားသော မောင်နီ၊ သုခ၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အတွက် သံဃာတော်များပင့်ဖိတ်၍ တရားနာစေခဲ့သည်။ ပြီးလျှင် သရဏဂုံတင် ပေးသည်။
စိန်ကြီးက အခုမှ မထူးတော့ပြီဆို၍ သရဏဂုံအတင်မခံခဲ့ဟု နောင်တွင် သုခက ပြန်လည်ပြောခဲ့သည်။ သရဏဂုံတင်သောနေ့ ညနေစောင်းမှာပင် သုခ နှင့် မောင်နီ တို့ သေဒဏ်မှ လွတ်၍ တစ်သက်တစ်ကျွန်းပြောင်းကြောင်း အမိန့်စာရောက်လာ၍ သက်ဆိုင်ရာက အမိန့်ကို ဖတ်ပြပြီး ယင်းတို့အား ကြိုးတိုက်မှ နှစ်ကြီးပြစ်ဒဏ်အဆောင်သို့ ပြောင်းရွှေ့လိုက်လေသည်။
၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ စနေနေ့ နံနက် ၅း၃၀ နာရီတွင် ရန်ကုန်ထောင်ကြီး (ယခုသူနာပြုတက္ကသိုလ်ဝင်း နေရာ) တွင် ၄င်းတို့ နှစ်ဦးအား ကြိုးပေးမည်ဖြစ်ရာ ကြိုးမပေးမီ အချိန်ကလေးတွင် စိန်ကြီး(ခ)မောင်စိန်က မိမိနှင့်အပေါင်းပါ တို့ ဦးစော၏ စကားကို နားထောင်မိရင် ယခုကဲ့သို့ မလုပ်သင့် မလုပ်ထိုက်သည်ကို လုပ်ခဲ့မိကြောင်း ၄င်းအနေနှင့် ဘဝဆက်တိုင်း ဦးစောလိုလူမျိုးနှင့် မတွေ့ရ မဆုံရပါစေနှင့်ဟု တိုင်တည်သွားပြီး ´လုပ်ရဲရင် ခံရဲရမည်´ ဟု ဆိုက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများအား သတ်သည်မှာ မှန်ကြောင်း၊ ထိုသို့သတ်ရခြင်းမှာလည်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရ သတ်ခဲ့ရကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များကို ပြောဆိုပြီးနောက် `အသက်ရေ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့၊ ငါလာခဲ့ပြီ´ ဟု အော်ဟစ်သွားလေသည်။
စိန်ကြီး၏ လုပ်ကြံမှုကြောင့် ပြောသွားသည့်ကိစ္စကို လူတိုင်းနားလည်နိုင်ကြသော်လည်း ` အသက်ရေ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့ ငါလာခဲ့ပြီ´ ဆိုသည့် စကားအဓိပ္ပါယ်တို့ကို လူအများနားလည်ချင်မှ နားလည်ပေလိမ့်မည်။ လိမ့်ပတ်လည်အောင် ရှင်းပြမှသာ ဇာတ်ရည်လည်ပေလိမ့်မည် ဖြစ်သည်။
 မောင်စိန် ခေါ် စိန်ကြီး၏ ဖခင်မှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် လူသိထင်ရှားသော ဦးမောင်ကြီး၏ တစ်ဦးတည်းသော သားဖြစ်ပြီး အင်္ဂလိပ်ခေတ်က ၁ဝ တန်း အထိ ကျောင်းနေခဲ့ဖူးသည်။ စိန်ကြီးနှင့် ဂဠုန်ဦးစောတို့သည် အလွန်ရင်းနှီးသည့် မိတ်ဆွေရင်းခြာများဖြစ်ကြသည်။ ဦးမောင်ကြီးမှာ လူသတ်ခံရပြီးနောက် မိခင်ဖြစ်သူက သားဖြစ်သူ စိန်ကြီးကို တချိန်က ဦးစော၏ ကျေးဇူးရှိခဲ့ဖူးသောကြောင့် သားဖြစ်သူအား အစစအရာရာလိမ္မာရေးခြားရှိစေရန်နှင့် လိုအပ်သလို ခိုင်းစေရန် ဦးစောထံအပ်နှံခဲ့သည်။ ဦးစောက ၄င်း၏ အိမ်ဝင်းသို့ ရောက်လျှင် ရောက်ချင်း စိန်ကြီးကို သစ္စာရေသောက်ခိုင်းပြီး လုပ်ကြံမှုထဲတွင် ပါဝင်ခိုင်းသည်။
 လူငယ်ဘာသာဘာဝ စိန်ကြီးမှာ မိမိဇာတိ ကြို့ပင်ကောက်မြို့၌ ငယ်ရည်းစားရှိသည်။ စိန်ကြီးသည် အယူခံပယ်ချခံရပြီးနောက် ကြိုးပေးရန် ရက်နီးလာခါနီး၌ သက်ဆိုင်ရာ အကျဉ်းဦးစီးဝန်ထမ်းများကို ၄င်း၏ ငယ်ရည်းစားနှင့် တွေ့ဆုံလိုကြောင်း ပြောပြသည်။ သက်ဆိုင်ရာ နောက်ဆုံး အခွင့်အရေးပေးသည့်အနေဖြင့် အထက်အာဏာပိုင်များထံ ခွင့်ပန်၍ တွေ့ဆုံခွင့်ပေးခဲ့သည်။ ဤသို့ဖြင့် စိန်ကြီး၏ ရည်းစားသည် ရန်ကုန်ထောင်ကြီးသို့ ရောက်လာသောအခါ ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် ၄င်းတို့နှစ်ဦးအား လွတ်လပ်စွာ စကားပြောခွင့်ပြုခဲ့သည်။
ထိုစဉ်အတွင်း စိန်ကြီးသည် ထောင်ပိုင်ကြီးနှင့် ဝန်ထမ်းများရှေ့တွင် ၄င်း၏ ရည်းစားအား လင်မရှိလျှင် လူစော်ကားလိမ့်မည်ဖြစ်ရာ ၄င်းကြိုးပေးခံရပြီးနောက် သင့်တော်သည့် တစ်ယောက်ယောက်ကို အမြန်ဆုံးလက်ထပ်ယူရန် ပြောကြားသည်။ ၄င်း၏ရည်းစားဖြစ်သူက သူ့ဘဝတစ်သက်တွင် ယောက်ျားမယူလိုတော့ကြောင့် ပြောခဲ့ရာ စိန်ကြီးကလည်း ၄င်း၏ စကားကို နားထောင်ရန်တွင်တွင်မှာကြားနေသည်။ ထို့နောက် စိန်ကြီးက မိမိသည် သူနှင့်သမီးရည်းစားဖြစ်ခဲ့သည်မှာ (၄)နှစ်တိုင် ရှိခဲ့ပြီဖြစ်သော်လည်း မိမိရည်းစားကို တခါမျှမနမ်းခဲ့ဖူးကြောင်း နှင့် ကြိုးပေးခါနီး၌ တစ်ကြိမ်တစ်ခါ ပါးကို နမ်းသွားလိုကြောင်းပြောပြရာ သက်ဆိုင်ရာ အကျဉ်းဝန်ထမ်းတို့က မိန်းကလေးသဘောတူလျှင် နမ်းနိုင်ကြောင်း ပြောပြသည်။ မိန်းကလေးက ခွင့်ပြုသဖြင့် စိန်ကြီးပါးနှစ်ဖက်စလုံးကို မနမ်းဘဲ သစ္စာရှိစွာဖြင့် ၁၅ဝဝ မေတ္တာဖြင့် တဖက်သာ နမ်းပြီး၊ ကျန်ပါးတဖက်ကို ၄င်းယူမည့် ခင်ပွန်းလောင်းအတွက် သန့်သန့်ရှင်းရှင်းထားခဲ့ကြောင်း ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် ချစ်သက်သေ ထူသွားခဲ့လေသည်။
 ထို့နောက် ကြိုးစင်တက်သွားသည့်နေ့၌ ကြိုးပေးမည့်အချိန်လောက်တွင် ၄င်း၏ ရည်းစားဖြစ်သူသည် ရန်ကုန်ထောင်တွင်းရှိ ၀န်ထမ်းအိမ်တစ်နေရာ၌ အရက်တစ်ခွက်နှင့် မီးညှိထားသော စီးကရက်တလိပ်ကို ပန်းကန်ပြား၌ စိန်ကြီးမှာထားသည့်အတိုင်း ပြုလုပ်ထားခဲ့သည်။ စိန်ကြီးသည် ကြိုးစင်ပေါ်၌ ဒေါက်မဖြုတ်ခင်အတွင်းမှာပင် `အသက်ရေ… ငါပြောထားတဲ့အတိုင်း လုပ်ထားဟေ့…. ငါလာခဲ့ပြီ´ ဟူသော အော်ဟစ်သံနှင့်အတူ အရက်ခွက်ထဲမှ အရက်များလှိုင်းထသကဲ့သို့ သိသိသာသာ လှုပ်ခတ်လာပြီး စီးကရက်မှာလည်း လူတစ်ယောက် ဝင်ဖွာနေသည့်အလား မီးခိုးများ တထောင်းထောင်းထနေသည်ကို တွေ့ရလေသည်။ စိန်ကြီးကိုယ်တိုင် အရက်နှင့်စီးကရက်ကို သောက်နေသကဲ့သို့ အားလုံးက မြင်တွေ့ရလေသည်။
 မောင်စိန် (ခ) စိန်ကြီးသည် အရက်ကိုလည်း ကြိုက်၊ စီးကရက်ကိုလည်း တလိပ်ပြီး တစ်လိပ် မီးခိုးမပြတ်အောင် သောက်တတ်သော Chain Smoker တစ်ဦးဖြစ်လေသည်။ စိန်ကြီး၏ အဆိုပါ ငယ်ရည်းစားဆိုသူမှာ နောင်တွင် နအဖ စစ်အစိုးရလက်ထက်မှ ယနေ့တိုင် ဘီလီယျံနှင့်ချီ၍ ချမ်းသာကြွယ်ဝနေသော စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) နှင့် အလွန်ရင်းနှီးသည့် ခေတ်ပျက်သူဌေးကြီး လက်နက်ပွဲစား ဦးတေဇ၏ ယောက္ခမ (Parents in law) ဒေါ်ထူးဖြစ်နေလေသည်။ဦးတေဇသည်ဦးဇော်နှင့်ဒေါ်ထူးတို့ ၏သမီးသီတာဇော်နှင့်လက်ထပ်ခဲံ့သည်။ တေဇ၏ `ထူး´ ကုမ္ပဏီ သည် ယောက္ခမနာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
လုပ်ကြံမှုတွင် ကိုယ်တိုင်စတင်းကိုင်ပြီး ကျူးလွန်ခဲ့သော ရန်ကြီးအောင်၏ ဖခင်မှာ ဦးလှထွန်းဖြစ်ပြီး ဦးစော နှင့် ဆွေမျိုးတော်စပ်လေသည်။ ဦးစောသည် ရန်ကြီးအောင်အား တူသားကဲ့သို့ပင် ၄င်းအိမ်၌ ခေါ်ယူမွေးစားထားသည်။ အသက် ၁၆၊ ၁၇ အရွယ်သာရှိပြီး နှစ်လုံးပြူးသေနတ်ကို ပစ်ဖို့ ဝေးစွ၊ ကိုင်တွယ်၍ပင် မကြည့်ဘူးချေ။ သို့သော် ဦးစောကိုယ်တိုင် ရန်ကြီးအောင်ကို အင်းလျားကန်ထဲရှိ လူသူအရောက်အပေါက်နည်းလှသည့် ကျွန်းတစ်ကျွန်းတွင် သေနတ်မျိုးစုံပစ်နည်းကို လက်ထပ်သင်ပေးခဲ့သည်။ လုပ်ကြံမှုတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးများအား စက်တင်းသေနတ်ကိုလက်သံပြောင်စွာကျည်ကပ်လေးခုကုန်အောင်ပစ်ခဲ့သည့်အပြင်အတွင်းဝန်ရုံးအောက်ထပ်အဆင်း တွင် လှေကားထိပ်၌ ဆရာကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးကို စတင်းသေနတ်ဖြင့် ပြစ်ခတ်သွားသည့်အထိ သေနတ်ပစ်ကျွမ်းကျင်သွားလေသည်။
 ရန်ကြီးအောင်မှာ လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ပထမတွင် ဟုတ်တိုင်းမှန်ရာများကိုပင် ဖြောင့်ချက်ပေးပြီးမှ နောက်ပိုင်း၌ ဘူးကွယ်ပစ်ခဲ့သည်။
 ရန်ကြီးအောင်မှာ ဘာမျှမတောင်းသည့်အပြင် အေးဆေးစွာ ဘုရားအာရုံပြုကာ ပုတီးစိပ်ဘာဝနာပွားများရင်း နေထိုင်သွားခဲ့လေသည်။ နောက်ဆုံး ကြိုးပေးမည့် နံနက် ဝေလီဝေလင်း ၅ နာရီအချိန်၌ ၄င်းအိပ်သော သံကုတင်ထိပ်ဘောင်ပေါ်တွင် ဘုရားဆီမီးများ ထွန်းညှိ၍ ကျုံ့ကျုံ့လေးဘုရားဝတ်ပြုနေသည်ကို ဝန်ထမ်းများ တွေ့ရှိရလေသည်။ ကြိုးပေးရန် နီးလာ၍ ၄င်းအား ခေါ်ထုတ်သည့်အခါ၌လည်း ငြိမ်ငြိမ်သက်သက်အေးချမ်းစွာ လိုက်ပါသွားသည်။
 ထောင်ဝန်ထမ်းနှင့်ထောင်မှူးတို့အား ၄င်းစိပ်ခဲ့သော စိပ်ပုတီးနှင့် စာကလေးတစ်စောင်ကို ပေးအပ်ကာ ၄င်းနောက်ဆုံးဝတ်သွားသော ရှပ်အင်္ကျီနှင့်လုံချည်တပတ်နွမ်းကလေးကို ဖခင်ဖြစ်သူထံ ဆက်ဆက်ပို့ပေးရန် သက်ဆိုင်ရာသို့ မှာကြားသွားခဲ့လေသည်။
၎င်းသည် လုပ်ကြံမှုကြီးတွင် ပါဝင်ကျူးလွန်ကြောင်း ဝန်ခံသွားရှာသည်။ ကြိုးပေးပြီးနောက် ဝန်ထမ်းများက ၄င်း အခန်းဘေးမှ ဖြတ်လျှောက်သွားရာ ဘုရားဆီမီးများမှာ အချို့မှာ ငြိမ်း၍ အချို့မှာ ငြိမ်းလုငြိမ်းခင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို တွေ့ရလေသည်။ ဆီမီးအားလုံး မငြိမ်းခင်မှာပင် ရန်ကြီးအောင်၏ ဇီဝိန်ကား ချုပ်ငြိမ်းသွားသည်မှာ သင်္ခါရတရားသဘောအရ `ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်´ ဟူသည်ကို လှစ်ဟနေပေသည်။
ရန်ကြီးအောင်က သူ့ဖခင်ထံပေးခဲ့သောမှာတမ်းစာလေးမှာ-
`အဖေရေ အဖေ့အနေနဲ့တော့ သားအတွက် မချိမဆန့်ပဋိဒေဝမီးတွေ တောက်လောင်နေပါလိမ့်မယ်။ ကျနော်ဟာ ကြိုးမိန့်ချခံရပြီး အယူခံပယ်လိုက်ပြီဆိုတဲ့သတင်း ကြားရကတည်းက နေ့စဉ်ပုတီးစိပ်၊ တရားထိုင်ခဲ့ရာ သားတရားရခဲ့ပါပြီအဖေ။ သေခြင်းတရားကို လူတိုင်းကြုံရမယ်ဆိုပေမယ့် ဒီလိုအဖြစ်ဆိုးမျိုးနဲ့တော့ သားမသေချင်တာတော့ အမှန်ပါပဲအဖေ။ ဒါပေမယ့် ကိုယ်ပြုခဲ့တဲ့အမှုအတွက် တစ်နေ့ ကိုယ်ပြန်ခံရမယ်ဆိုတာကို သားတရား ရခဲ့ပါပြီ။
သားကိုယ့်အပြစ်ကြောင့် သေရမှာကို တစ်စက်မှ မကြောက်ပါဘူး။ ကျနော်နေ့တိုင်း စိပ်ခဲ့တဲ့ ပုတီး၊ မသေခင် ဝတ်ထားတဲ့ အင်္ကျီနဲ့ လုံချည် လေးကို ယခုစာနဲ့အတူ အဖေ့ထံအပ်နှံခဲ့ပါတယ်။ ညီလေးတွေကြီးလာတဲ့တစ်နေ့ ကျနော်ပေးခဲ့တဲ့ ပုတီး၊ အဝတ်အစားနဲ့ စာကိုပြပြီး ကျနော့်လို မမိုက်ဖို့ ဆုံးမပေးရန် အဖေ့ကိုမှာရင်း သား ရိုသေလေးမြတ်စွာကန်တော့ခဲ့ပါတယ်။
သားရန်ကြီးအောင်
ရန်ကြီးအောင်၏ မှာတမ်းစာလေးကို သေသေချာချာဖတ်ကြည့်ပါက စေ့စေ့တွေးလျှင် ရေးရေးပေါ်ဆိုသလို သံဝေဂတရားများရပြီးရင်း ရခဲ့ပါသည်။ လောက၌ လုပ်သင့်လုပ်ထိုက်သည့်ကိစ္စများကို မလုပ်ခဲ့သော် သို့မဟုတ် မလုပ်သင့်မလုပ်ထိုက်သည်ကို လုပ်မိခဲ့ပါက နောင် တချိန် တွင် ပူပန်နေရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ယင်းသည်ပင်လျှင် နောင်တတရားများပင် မဟုတ်ပါလော။
နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုများကို တရားစွဲဆိုခြင်း
ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ၊ စစ်အောင်သူတွေရဲ့ ပါဝါဟာ  ဥရောပ၀င်ရိုးက အဓိက စစ်ရာဇ၀တ်ကောင်တွေ အတွက်             နုရင်ဘတ်နိုင်ငံတကာ စစ်ခုံရုံး နဲ့ အရှေ့အာရှက အဓိကစစ်ရာဇ၀တ်ကောင်တွေအတွက် တိုကျိုစစ်ခုံရုံးကို တည်ထောင်လိုက်တယ်။ ခုံရုံးနှစ်ခုဟာ ငြိမ်းချမ်းရေးကို ပြိုကွဲအောင်လုပ်တဲ့ တသီးပုဂ္ဂလရာဇ၀တ်မှု၊ စစ်ရာဇ၀တ်၊ လူသားဆန်မှု ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုတယ်။ နုရင်ဘတ်ခုံရုံးက တရားခံ၁၂ယောက်ကို သေဒဏ်၊ ၅ယောက်ကို တစ်သက်တစ်ကျွန်းချမှတ်လိုက်တယ်။ တိုကျိုခုံရုံးက ရယောက်ကိုသေဒဏ်၊ ၅ယောက်ကို တစ်သက်တစ်ကျွန်းချမှတ်လိုက်တယ်။ တစ်ချို့အတွက်ကတော့ ခုံရုံးတွေရဲ့ ရည်ရွယ်ချက်က မဟာမိတ်တပ်ဟာ ဖက်ဆစ်တွေထက်ပိုကောင်းကြောင်း ၊ပညာရေးရည်ရွယ်ချက်ကို ပိုထိန်းသိမ်းစောင့်ရှောက်ကြောင်းပြဖို့ရာ ထုတ်ဖော်ပြသဖို့ ပဲလို့ယူတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုံးရုံးကို တစ်ခြားလမ်းကြောင်းကနေလည်းရှုမြင်လို့ရတယ်။ ရှုထောင့်တစ်ခုကနေ ပြနေတာက ခုံရုံးက စစ်အောင်နိုင်သူတွေရဲ့ တရားမျှတမှုကို ကိုယ်စားပြုတယ်။ စစ်ရာဇ၀တ်မှုတွေကို မဟာမိတ်တပ်တွေ လည်း ကျူးလွန်ကောင်းကျူးလွန်နိုင်ပေမယ့် ခုံရုံးတရားစီစစ်မှုကို ကျော်လွှားနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ လူသားဆန်မှု ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေကတော့ မသေချာမရေရာတဲ့ ဥပဒေနောက်ခံအခြေအနေတွေပေါ်မှာ တည်ဆောက်ပြီး လုပ်နေရပုံပေါ်ပါတယ်။                                                                                                                                           
 နောက်ထပ်ရှုထောင့်တစ်ရပ်ကနေကြည့်မယ်ဆိုရင် နုရင်ဘတ်စီရင်ချက်ဟာ နိုင်ငံတကာဥပဒေနဲတသီးပုဂ္ဂလ အပေါ်၎င်းရဲ့ အကျိုးသက်ရောက်မှု ပတ်သတ်ပြီး တွေးခေါ်မှုပုံစံအသစ်တစ်ခုကို ဦးဆောင်လိုက်တယ်။ တရားခံတွေကို စစ်ခုံရုံးတွေကနေလုပ်ထားတဲ့ တရားမျှတမှုအထွေထွေနိယာမကနေ တစစီလိုက်ကောက်ထားတဲ့ ဥပဒေ ၀ါ နိုင်ငံတကာ စစ်ဥပဒေကို အကြမ်းဖက်ခဲ့သူတွေ အဖြစ်မြင်နိုင်တယ်။ ခုံရုံးက“  ဤဥပဒေသည် တည်ငြိမ်နေမည်မဟုတ်၊ သို့သော်  ပြောင်းလဲနေသောကမ္ဘာကြီးနှင့်အတူ လိုက်လျောညီထွေဖြစ်ရန် ခံယူနေမည်ဖြစ်သည်” လို့ ကြေညာတယ်။ ခုံရုံးက ဒီဥပဒေ ဟာ နိုင်ငံများရဲ့ တာဝန်ဆိုတဲ့အသိ  ဒါမှမဟုတ် တစ်သီးပုဂ္ဂလ နိုင်ငံတော်နဲ့ ပတ်သတ်တဲ့ အစဉ်အလာအသိကို မေးခွန်ထုတ်နိုင်အောင် လုပ်ပေးနိုင်တဲ့ အသိတွေကို ပေးဖို့ပျက်ကွက်ခဲ့တယ်။ အထက်ပါဥပေဒကြောင့်တစ်သီးပုဂ္ဂလ လူသားဟာ “နိုင်ငံတကာဥပဒေကိုဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုဟာ  နိုင်ငံတော်ဆိုတဲ့ ဒြပ်မဲ့အရာက လုပ်တာမဟုတ်ဘဲ လူတွေကသာလုပ်တာဖြစ်ကြောင်း၊ အဲဒီလိုလုပ်တဲ့ တစ်သီးပုဂ္ဂလလူသားကို အပြစ်ပေးခြင်ဖြင့်  နိုင်ငံတကာဥပဒေကို အားဖြည့်ပေးရာကြကြောင်း ”အသိကို မပေးနိုင်ခဲ့ဘူး။ ဒါအပြင် ရာဇ၀တ်ပြစ်မှုကို အမျိုးအစားခွဲရာမှာ “ လူသားဆန်မှုကို ဆန့်ကျင်တဲ့ ဥပဒေ”လို့ ခွဲခြားခြင်းဟာ  နောက်ဆုံးမှာ  နိုင်ငံတကာကတိက၀တ်တွေဟာ လူသားတန်ဖိုးဆိုတာကြောင့် တသီးပုဂ္ဂလလူသားနဲ့ သက်ဆိုင်တယ် ဆိုတဲ့ အတွေးအခေါ်မှာသာ စွဲမြဲသွားစေတယ်။  နိုင်ငံတကာ ကတိက၀တ်တွေကနေ တကယ်ရည်၇ွယ်ပြီးလုပ်ပေးတဲ့  တသီးပုဂ္ဂလလူသားရဲ့နိုင်ငံသားဘ၀ ကို ကာကွယ်ပေးတာ ၊ အင်အားနည်းနိုင်ငံတွေ ဗရမ်းဗတာဖြစ်သွားမယ့်အခြေအနေကနေ ကာကွယ်ပေးတာ ဆိုတဲ့ အတွေးအခေါ်တွေ ပျောက်သွားတယ်။                                                                                                                                    
 နိုင်ငံတကာဥပဒေမှာ လူသားဆန်မှုကို ဆန့်ကျင်တဲ့ အယူအဆကို  အာမေးနီယန်းအရေးနဲ့ပတ်သတ်ပြီး ပြင်သစ်၊ ဂျာမန်၊ ဗြိတိန်နဲ့ ရုရှတို့ရဲ့ ၁၉၁၅ ပူးတွဲ ကြေညာစာတမ်းဆီ ပြန်ခြေရာကောက်နိုင်တယ်။ သံတမန်ရေးဖလှယ်မှုမှာ ပြနေတာက မူလရုရှရဲ့ ကြေညာစာတမ်းမူကြမ်းက  “ခရစ်ယန်နဲ့ မြို့ပြယဉ်ဖွံ့ဖြိုးမှုကိုဆန့်ကျင်တဲ့“ ရာဇ၀တ်ပြစ်မှုတွေကို ရည်ညွန်းတယ်။ ပြင်သစ်က  ပြင်သစ်နဲ့ ဗြိတိန်လက်အုပ်ချုပ်မှုလက်အောက်က မူဆလင်လူထုကို သူတို့ရဲ့ ပါဝါနှစ်ခု အကျိုးအမြတ်ကိုကြည့်ပြီး ထည့်သင့်ကြောင်း မူစလင်လူထုသာမပါရင်  ခရစ်ယန်တွေအနေနဲ့ ခြိမ်းခြောက်ခံရနိုင်တဲ့ အတွက် စိုးရိမ်ပူပန်တယ်။  ဗြိတိန်ကလည်း အထက်ပါ စကားစုကို ဖြုတ်သင့်ကြောင်းသဘောတူတယ်။  အာမေးနီးယန် တွေက ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနကို “ လူသားဆန်မှုကို  ချစ်မြတ်နိုးရန်အတွက်” လို့ ထည့်ဖို့ ရန်တောင်းဆိုတယ်။ ခရစ်ယန်ဆိုတာကို ဖြုတ်ပြီး လူသားဆန်မှု နဲ့ ရုရှက အစားထိုးလိုက်တယ်။ နောက်ဆုံးကြေညားစာတမ်းမှာတော့ နေရာနဲ့ အခြေအနေကိုတိတိကျကျဖော်ပြပြီး “ လူသားဆန်မှုနဲ့ မြို့ပြဖွံ့ဖြိုးမှုကို ဆန့်ကျင်သော တူရကီတို့ရဲ့ ရာဇ၀တ်ပြစ်မှုအတွက်” လို့ ဖော်ပြပြီး မဟာမိတ်အစိုးရများက “ ဤကဲသို့ရှုပ်ထွေးသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု“အတွက် “ပုဂ္ဂလိကတာဝန် ယူမှု ကိုင်စွဲသွား” မယ်၊ ၁၉၂၀မှာ မဟာမိတ်တပ်တွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ခံယူထားသူတွေကို သူတို့ဆီ အင်းအားသုံးဝင်မလာဖို့ ပဠိညဉ်စာချုပ်ထဲမှာပါတဲ့အတိုင်း လွဲပြောင်းပေးမယ်လို့ ကတိပြုခဲ့တယ်။၁၉၂၃ ငြိမ်းချမ်ရေး စာချုပ်ပါအချက်ရ ကြေအေးမှုပေးလိုက်တယ်။                         
 “လူသားဆန်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှု”အမျိုးအစားတစ်ရပ်ကို ၁၉၄၅နုရင်ဘတ်ချာတာမှာ ဂျာမန်တွေက သူတို့ရဲ့ ဂျာမန်နိုင်ငံသားတွေကို ညှင်ပန်းနှိပ်စက်ရေးစခန်းကို ပို့ခဲ့ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုတွေနဲ့ ပတ်သတ်ပြီးတရားစွဲ ဆို ဖို့ အသုံးပြုခဲ့တယ်။ အဲဒီကာလ နိုင်ငံတကာ စစ်ခုံရုံးဥပဒေအောက်မှာ  အစိုးရတစ်ရပ်ဟာ သူရဲ့ကိုယ်ပိုင် နိုင်ငံသားတွေအပေါ် (သူတို့ ဘယ်လောက်ဆိုးဆိုး) ဆက်ဆံကြပုံ နည်းလမ်းတွေကို သူတို့ရဲ့ပြည်တွင်းတရား စီရင်ပိုင်ခွင့်ကိုတောင်မှ ဖယ်ချန်ပြီး (နိုင်ငံကာစိတ်ဝင်စားတဲ့ ပြဿနာရပ်ထက်ကျော်လွန်တဲ့)နိုင်ငံတကာ ဥပဒေအဖြစ်စဉ်စားခဲ့ကြတယ်။ ဒါကြောင့် လူသားဆန်မှုအပေါ်ဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှု အယူအဆကို နိုင်ငံတရားတရားစီရင်မှုရဲ့ အစိတ်အပိုင်းထဲ ပါဝင်လာအောင် အသုံးပြုကြခြင်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မဟာမိတ်တွေ အနေနဲ့ အသေအချာ ဂရုတစိုက်လုပ်တာက လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုဟာ စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ အကြောင်းတရားထဲမှာ ပါဝင်တယ်ဆိုတာပါပဲ။ အဲဒီကာလမှာ    အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ကိုလိုနီနိုင်ငံတွေ သူတိုရဲ့ လက်အောက်မှာ နေထိုင်သူတွေအပေါ် နှိမ့်ချဆက်ဆံမှုတွေအတွက် အဲဒီလိုဆက်ဆံသူတွေအပေါ် တရားစွဲဆိုဖို့ရာ ဒီအယူအဆကို ချဲ့ထွင်လို့ မရဘူးဆိုတာပါပဲ။                                                    အထွေထွေညီလာခံကနေ ၁၉၄၈ ဒီဇင်ဘာ၉ရက်နေ့မှာ မျိုးဖြုတ်သတ်ဖြတ်မှုကို  ကာကွယ်ပေးခြင်းနဲ့ အပြစ်ပေးခြင်းကွန်ဗင်းရှင်းကိုခံယူပြီး  နုရင်ဘတ်ခုံရုံးမှာ အသုံးပြုခဲ့တဲ့ လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုအယူ အဆရဲ့ အကန့်အသတ်ကို ပြုပြင်ခဲ့တယ်။ ညီလာခံက  မျိုးဖြုတ်သတ်ဖြတ်မှုဟာ ငြိမ်းချမ်းရေးကာလမှာဖြစ်စေ၊ စစ်အတွင်းမှာဖြစ်စေ ကျူးလွန်ပါက နိုင်ငံတကာဥပဒေအရ ရာဇ၀တ်ပြစ်မှုမြောက်တယ်လို့ ကြေညာတယ်။  မျိုးဖြုတ်သတ်ဖြတ်မှုကို အစုတစ်စုလုံးကိုဖြစ်စေ ဒါမှမဟုတ် အစိတ်အပိုင်းအရဖြစ်စေ ၊နိုင်ငံအရဖြစ်စေ ၊ လူမျိုးစု ၊လူမျိုး နဲ့ ဘာသာရေးအုပ်စုကိုဖြစ်စေ ဖျက်ဆီးတဲ့ အောက်ပါအပြုအမူတွေကို ကျူးလွန်ရင် မျိုးဖြုတ်သတ်ဖြတ်မှုဖြစ်တယ်လို့ ကြေညာတယ်။
(က) အုပ်စုတစ်စုရဲ့ အုပ်စုဝင်များကို သတ်ဖြတ်ခြင်း
(ခ)  အုပ်စုဝင်များရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းကို ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေခြင်း                                                  (ဂ)အသေအချာတွက်ချက်ပြီး အုပ်စုရဲ့ဘ၀အခြေအနေကိုနာကျင်စေခြင်း၊  အစိတ်အပိုင်း ဒါမှမဟုတ် အုပ်စုတစ်စုလုံး အရဖြစ်စေ       ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးစေခြင်း                                                                                                
(ဃ) အုပ်စုအတွင်း ကလေးမွေးဖွားမှုကို ရည်ရွယ်ချက်ရှိရှိတားမြစ်ပိတ်ပင်ခြင်း                                                                
(င) အုပ်စုတစ်စုရဲ့ ကလေးတွေကို အခြားအုပ်စုဆီ အတင်းအဓမ္မပြောင်းရွေ့ခြင်း
              ပိုလန်က ဂျူးလူမျိုး ရှေ့နေ ရဖေးလမ်ကင် က ဒုတိယကမ္ဘာစစ် ဂျူးလူမျိုးတွေကို မျိုးဖြုတ်သတ်ဖြတ်မှု အဖြစ်  အပျက်နဲ့ ပတ်သတ်ပြီး တွေကြုံသိမြင်လာပြီးတဲ့နောက် ညီလာခံမှာ မျိုးဖြုတ်သတ်ဖြတ်မှုကို အပြစ်ပေးဖို့ နဲ့ ကာကွယ်ဖို့ရာ နိုင်ငံတွေကြားထဲ            ကတိက၀တ်ထားကို ထားကြဖို့အချက်ကို ထည့်သွင်းစေခဲ့တယ်။    အရေးကြီးတဲ့ အချက်က မျိုးဖြတ် သတ်ဖြတ်မှုကို ကျူးလွန်သူတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်တဲ့ အုပ်စိုးသူဖြစ်စေ ၊ ပြည်သူ့ဝန်ထမ်းဖြစ်စေ ဒါမှမဟုတ် တစ်သီးပုဂ္ဂလလူသားတစ်ဦး ဖြစ်နေပါစေ  အပြစ်ပေး ခံရမယ်ဆိုတာပါပဲ။ နိုင်ငံတကာရာဇတ်ဝတ်မှု ခုံရုံးအတွက် တစ်ခုတည်းဦးတည်ပြီး ကိုင်တွယ်တာက လုံခြုံရေးကောင်စီဖြစ်ပြီးယခင် ယူဂိုဆလားဗီးယားနဲ့ ရ၀မ်ဒါမျိုးဖြုတ် သတ်ဖြတ်မှုတွေကို ကိုင်တွယ်ခဲ့တယ်။                                                  ရ၀မ်ဒါ ၀န်ကြီးချုပ်ဟောင်း ယန်းကမ်ဘန်ဒါဟာ ”လူသားဆန်မှုကို ဆန့်ကျင်သောရာဇ၀တ်ပြစ်မှု” နဲ့ မျိုးဖြုတ်သတ်ဖြတ်မှုတွေအတွက် တသက်တစ်ကျွန်းထောင်ဒဏ်ချမှတ်ခံရတယ်။ဘော့စနီးယား ဆာ့ဘ်လူမျိုးစစ်တပ်အကြီး အကဲ  ရဒီစလပ်ကစ်စတစ်ကို ထောင်ဒဏ်၃၅နှစ်ချမှတ်လိုက်တယ်။  ဆရီဘရန်နီကာမှာ မျိုးဖြုတ်သတ်ဖြတ်မှုကို ကူညီဖို့ သူ့ရဲ့ အမိန့်နဲ့ လူ၈၀၀၀လောက်သေကြေသတ်ဖြတ်မှုအတွက် စစ်တပ်ကိုစေလွှတ်ကူညီလိုက်တဲ့ အတွက် ပါပဲ။                         လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုကို  လူ့အခွင့်အခွင့်အရေးနဲ့ ယေဘုယျအားဖြင့် ခြားနားတဲ့ အရာအဖြစ်နဲ့ မြင်ခဲ့၇င်တောင်မှ ယနေ့မှာဖြစ်ပေါ်နေတဲ့ မျိုးဖြုတ်သတ်ဖြတ်မှုနဲ့ လူသားဆန်မှုကို ဆန့်ကျင်တဲ့ အခြားသော ရာဇ၀တ်ပြစ်မှုကို လူ့အခွင့်အရေးဇာတ်လမ်းတွေရဲ့  အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပိုတိုးပြီးမြင်လာကြပါပြီ။ ၁၉၉၁မှာ “ လူသားဆန်မှုကို ဆန့်ကျင်သော ရာဇ၀တ်မှု” ဆိုတဲ့ ဝေါဟာရဟာ   နိုင်ငံတကာ ဥပဒေကော်မရှင်ရဲ့ “ လူသားလောက လုံခြုံမှုနဲ့ ငြိမ်းချမ်းရေးကိုဆန့်ကျင်သော  ရာဇ၀တ်ပြစ်မှုများ ဥပဒေ” မူကြမ်း ပါအသုံး၊ လူထုတစ်ရပ်လုံးရဲ့” လူ့အခွင့်အရေး ကို စနစ်တကျ  ကြီးကြီးမားမား အကြမ်းဖက်ခြင်း” ဝေါဟာရနဲ့ ရောယှက်လာတယ်။ နောက်တော့ ကော်မရှင်က “လူသား ဆန်မှုကိုဆန့်ကျင်သော ရာဇ၀တ်မှု” လို့ ၁၉၉၆မှာ ပြောင်းလဲသုံးနှုန်းခဲ့တယ်။                                                                ဒီလို ဖွံ့ဖြိုးလာတဲ့သဘောက လူ့အခွင့်အရေးအပေါ် အချို့သော အကြမ်းဖက်မှုတွေကိုနိုင်ငံတကာ ခုံရုံးမရောက်ခင်  နိုင်ငံတကာဥပဒေ အောက်မှာပဲ တရားစွဲဆိုနိုင်တယ်ဆိုတာကို အသိအမှတ်ပြုထားတယ်။ ကုလသမ္မဂ္ဂလုံ ခြုံရေးကောင်စီက ၁၉၉၀ကာလများကာလရောက်မှ ယူဂိုစလားဗီးယားနဲ့ ရ၀မ်ဒါတို့ရဲ့ သတ်ဖြတ်မှုတွေအတွက် ခုံရုံးအသီးသီးတည်ထောင် တရားစီရင်နိုင်ခဲ့တာပါ။  ဒီအချိန်မှာတော့ ခုံရုံက ငြိမ်းချမ်းရေးကိုဆန့်ကျင်တဲ့ ရာဇ၀တ်မှုမျိုးအတွက် တရားစီရင်မှု မလုပ်ပဲ ၊ နိုင်ငံတကာရာဇ၀တ်မှုအမျိုးအစားထဲမှာ ထည့်ပြီး မျိုးဖြုတ်သတ်ဖြတ်မှု ၊ လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇ၀တ်မှု ၊နဲ့ စစ်ရာဇ၀တ်မှုတွေ အဖြစ် လူတစ်ဦးချင်းစီကို အပြစ်ပေးခဲ့တယ်။                         နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးဟာ ၂၀၀၂ မှာ စတင်တည်ရှိလာတယ်။ လူသားဆန်မှုကို ဆန့်ကျင်သော ရာဇ၀တ်ပြစ်မှုတွေအတွက် တစ်သီးပုဂ္ဂလတစ်ဦးချင်းစီကိုတောင် တရားစီရင်နေပြီ။ နိုင်ငံတကာရာဇ၀တ်ခုံရုံးဟာ တရားရုံးဥပဒေကို ကျူးလွန်သူ ဘယ်သူ့ကို မဆို ရာဇ၀တ်မှုအနေနဲ့ စီရင်မှာဖြစ်တယ် ။ ဒီလိုစီရင်ခဲ့တဲ့ အမှုပေါင်းဟာ အာဖဂန်နစ်စတန်၊ သြစတြီးယား ၊ ဘာရမ်ဒီ၊  ကနေဒါ ၊ ကိုလံဘီယာ ၊ကွန်ဂို ၊ ဂျာမနီ၊ အီတလီ ၊ဂျော်ဒန်၊ လစ်ဘားရီယား၊ နိုင်ဂျီးရီယား၊ ပီရူး၊ ဆီနီဂေါ၊ သီရိလင်္ကာ၊ ယူဂန်ဒါ၊ နဲ့ဗြိတိန်အပါအ၀င် အမှုပေါင်း၁၀၀ကျော်ကို စီရင်ပြီးသွားပြီ။ ဒါ့အပြင် လုံခြုံရေးကောင်စီက အခြေအနေတစ်ရပ်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေပြီးလို့ ယူဆရင်  နိုင်ငံတကာရာဇ၀တ်ခုံရုံးရဲ့ တရားစွဲဆိုမှုအတွက် စုံစမ်းစစ်ဆေးမယ့်အခြေအနေတစ်ခုဆီလွဲပေးနိုင်တယ်။ နောက် မျိုးဖြုတ်သတ်ဖြတ်မှု ၊ လူသားဆန်မှုကိုဆန့်ကျင်သောရာဇ၀တ်မှု ဒါမှမဟုတ် စစ်ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုနိုင်တယ်။ ဒါမျိုးကို ၂၀၀၅ ဒါဖာ(ဆူဒန်)မှာ ဖြစ်ပွားခဲ့တယ်။  အခုစာအုပ်ကိုရေးနေတဲ့ အချိန်မှာတောင် ခုံရုံးတရားစွဲဆိုသူတွေက ယူဂန်ဒါနဲ့ ကွန်ဂိုမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးနေတယ်။  ပထမဆုံးဖမ်းလိုက်တာက  ထောမတ် လူမန်ဂိုဒိုင်ယီလို ဖြစ်ပြီးစစ်ရာဇ၀တ်မှုနဲ့ တရားစွဲခံ၇တာဖြစ်တယ်။အသက်၁၅နှစ်အောက်ကလေးတွေ အတင်းအကြပ်စစ်မှုထမ်းစေပြီး စစ်ပွဲအတွက် အသုံးပြုတဲ့ အတွက် ရုံးတင်ခံရတာပါ။ 
ဟိန္ဒူ မိသားစုဥပဒေ
မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-
         (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။
ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။
သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။
ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။
ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်းပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။
ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။
သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။
တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံးဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသောသွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများအကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။
ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။
ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။
ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။
ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။
ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။
အာဇာနည်များ နောက်ဆုံးခရီး မြန်မာမွတ်စ်လင်မ် မြင်ကွင်းကျယ် .
(၀မ်းအိုဝမ်း ကျော်ဝင်းမောင်ရေးသော မြန်မာ့ အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်မှ ကူးယူဖေါ်ပြပါသည်) 
ဆရာကြီး ဦးရာဇတ် ကို ဒဖနာ (မြေမြုပ်သဂြို င်္လ်) မယ့်နေဟာ ဇူလိုင်လ (၂၁) ရက်နေ့ပါတဲ့။ ရမသွာန်လ (၁) ရက်နေ့နဲ့ သွားပြီးကိုက်ညီနေပါတယ်။ ရမသွာန်လလဆိုတာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဥပုသ်လဖြစ်ပါတယ်။ ဥပုသ်စစောင့်တဲ့ ပထမရက်ဖြစ်ပါတယ်။ 
ဒီမှာက ပြသနာတစ်ခုရှိလာပြန်တယ် ၊ ရဲဘော် မောင်ထွေးဟာ ရှီအာဟ် မွတ်စလင်မ် တစ်ဦးဖြစ်ပါတယ်၊ သူ့ဖခင်က (၃၁) လမ်းမှာရှိတဲ့ မဂို ရှီအာဟ်ဗလီက ဂေါပကလူကြီး ဦးကိုလေးပါ။ အခုတော့ကွယ်လွန်သွားပါပြီ။
အဲဒီမှာသူတို့ အနေနဲ့ ရဲဘော်မောင်ထွေးကို ရှီအာဟ် မွတ်စ်လင်မ် သင်္ချိုင်းမှာ သဂြို င်္လ်ဖို့ ပထမစီစဉ်ကြပါသေးတယ်တဲ့။
အဲဒီမှာ ဗ-မ-က အထွေထွေ အတွင်းရေးမှုး မစ္စတာ လသစ်ဖ်ခန်း (ခေါ်) ဦးခင်မောင်လတ်၊ ဗ-မ-က အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကြွယ်ဝ စတဲ့ခေါင်းဆောင်တွေနဲ့ ဦးကိုလေးတို့ နဲ့ ဆွေးနွေးကြတယ်။
ဆရာကြီးက စွန်နီ သင်္ချိုင်းသွားမယ်၊ ရဲဘော်မောင်ထွေးက ရှီအာဟ် သင်္ချိုင်းသွားမယ် ၊ အဲဒီလိုဆိုယင် မွတ်စ်လင်မ် ညီညွတ်ရေးဟာ ပျက်ပြားသွားနိုင်တယ်။ အဲဒါကြောင့် မွတ်စ်လင်မ်တွေ အနေနဲ့ စုစုစည်းစည်းနဲ့ပဲ တာမွေ စွန်နီ မွတ်စ်လင်မ် သင်္ချိုင်းမှာ ဒဖနာ (မြေမြုပ်သဂြိုင်္လ်) ဖို့လိုတယ်လို့ ဆွေးနွေးညှိနှိုင်းကြပါသတဲ့။ တခြားဘာသာခြားတွေထဲမှာ ကိုယ့်အထုတ်ကိုယ် ဖြေပြသလို ဖြစ်နေမယ်။
စွန်နီမွတ်စလင်မ် တွေအနေနဲ့လဲ သူတို့ စွန်နီ ကဘရ်စတန်(သင်္ချိုင်း) မှာ ရှီအာဟ် မွတ်စလင်မ်တွေရဲ့ မယသ်(အလောင်း) ကို မြုပ်ဖို့ ဆိုတာလဲ အစဉ်အလာမရှိဘူး။ ဒီလိုမြှပ်ခွင့်ရအောင်လည်း ဗ-မ-က ခေါင်းဆောင်တွေအနေနဲ့ စွန်နီ မွတ်စလင်မ် အိုလမာ အဖွဲ့ဝင်များနဲ့ သဘောတူညီချက် ရယူရပါတယ်။
နှစ်ဖက်သဘောတူညီချက် ရတော့မှပဲ တာမွေ ကဘရ်စတန်မှာ သဂြို င်္လ်မြှပ်နှံလိုက်ပါတယ်။
ဒီဂျနာဇာ နမာဇ်ကိုလဲ မြန်မာနိုင်ငံလုံးဆိုင်ရာ အုလမာ အစ္စလာမ်သာသနာပညာရှင်များ အဖွဲ့ချုပ်ရဲ့ ဥက္ကဌကြီးဖြစ်တဲ့ မွတ်ဖ်သီ မာမွတ်ဒါဝတ်ယူစွဖ် ကနေ အီမာန် ရှေ့ဆောင်ပြီး ဖတ်ပေးသွားမှာပါတဲ့။ 
ဆေးရုံကြီးကနေ အလောင်းတွေကို ယူပြီးတော့ သယ်ဆောင်သွားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များရဲ့ အလောင်းများကို ဂျူဗလီဟောကို သယ်သွားတဲ့အခါမှာ ဆရာကြီးဦးရာဇာတ်နဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ အခေါင်း ၂ ခု လဲ ပါသွားပါတယ်၊ ဒီအခေါင်းကို ရဲဘော်တွေကပဲ ထမ်းပြီး သယ်ဆောင်သွားခြင်းပါ။
နောက်တစ်ခါ ဂျနာဇာ ၂ ခု သတ်သတ်ကို အဲဒီအာဇာနည်တွေရဲ့ ခေါင်းတွေနောက်မှာ အစ္စလာမ်ဂျနာဇာ (အလောင်းထမ်းစဉ်) ၂ ခုလဲ ဆက်တိုက်ထမ်းလာခဲ့ကြတယ်။ ဂျူဗလီဟောကို ရောက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ခေါင်းတွေအားလုံး ဂျူဗလီဟောမှာပဲ ချထားလိုက်ပါတယ်။
ဆရာကြီးနဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ ဂျနာဇာ ၂ ခုကို အနောက်ကနေ ကလေမာရှဟာဒတ် ( သေဆုံးသူ၏ နောက်ဆုံးခရီးတွင် လိုက်ပို့သူများက အစ္စလာမ်ထုံးတမ်းစဉ်လာအရ အရှင်မြတ်တပါးတည်းရှိကြောင်းသက်သေခံခြင်း ) ကိုကျယ်လောင်စွာ ဖတ်ရွတ်ပြီး အပြင်ဘက်ကို ထမ်းပြီး ထွက်လာကြပါတယ်။
အပြင်ဘက်ကို ရောက်တဲ့အခါ မှာ ၀င်ပေါက်က စောင့်ကြိုနေတဲ့ ဗမာမွတ်စလင်မ်ထုကြီးဟာ ဆီးကြိုပြီး တစ်ယောက်တစ်လက်ထမ်းသွားပါတော့တယ်။ အဲဒီဗမာမွတ်စလင်မ် လူအုပ်ကြီးထဲမှာဘဲ ဒေါ်ခင်ခင်လဲ လိုက်ပါပို့ဆောင်ပါတယ်။ ကန်တော်ကြီးလမ်းအတိုင်း သယ်ဆောင်သွားရာမှာ ဆရာကြီး ဦးရာဇတ် အိမ်ရှေ့ ပဒုမ္မလမ်း၊ ခြံနံပါတ် (၁၀) အရှေ့ရောက်တော့ ဒေါ်ခင်ခင်လဲ လိုက်မပို့တော့ဘူး၊ အိမ်မှာပဲ ၀င်နေလိုက်ပါတယ်။
ဒီအသုဘ ပို့ဆောင်ရေး လုပ်ငန်းတစ်ခုလုံးကို ဗ-မ-က (ဗမာမွတ်စ်လင်မ်ကွန်ကရက်) အဖွဲ့ချုပ်က မစ္စတာလသစ်ဖ်ခန်း (ဦးခင်မောင်လတ်) ၊ ဦးကြွယ်ဝ အစရှိတဲ့ခေါင်းဆောင်များက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဦးကြွယ်ဝ က အရှေ့က ဂျနာဇာကို ခေါင်းဆောင်ပြီး အစီအစဉ်နဲ့ ရှေ့ဆောင်သွားပါတယ်၊ ကြက်ပျံမကျ စည်စည်ကားကားလိုက်ပို့ကြပါတယ်။
ဒီပရိတ်သတ်ထဲမှာ ဗမာမွတ်စ်လင်မ် အမျိုးသားအမျိုးသမီးအပြင် အခြားမြန်မာတိုင်းရင်းသား လူမျိုးများ ဘာသာကွဲများကလဲ လိုက်ပါပို့ဆောင်ကြပါတယ်။ တစ်လမ်းလုံး ကလေမာရှဟာဒသ် ( သေဆုံးသူ၏ နောက်ဆုံးခရီးတွင် လိုက်ပို့သူများက အစ္စလာမ်ထုံးတမ်းစဉ်လာအရ အရှင်မြတ်တပါးတည်းရှိကြောင်းသက်သေခံခြင်း ) ရွတ်ဖတ်သွားတဲ့ အသံကြီးဟာလဲ မိုးပြိုမတတ်ပါပဲ။
လူတွေအားလုံးရဲ့ စိတ်ဓါတ်တွေဟာလဲ ကြေကွဲဝမ်းနည်းမှု တဖက်ကရှိနေသလို၊ တစ်ဖက်ကလဲ စိတ်ဓါတ်တွေဟာ ရန်သူအပေါ် အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဒေါသရောင်တွေကလဲ လွှမ်းလျက်ရှိနေပါတယ်။ စိတ်ဓါတ်တွေဟာ တက်ကြွမှုအပြည့်နဲ့ပါ။
ရွှေတိဂုံပတ်ဝန်းကျင် ရောက်တဲ့အခါမှာလဲ မြန်မာများနဲ့ တခြားမြန်မာတိုင်းရင်းသား လူထုကြီး တစ်ရပ်လုံးဟာလဲ လှိုက်လှိုက်လှဲလှဲ ဂျနာဇာ (ရုပ်ကလပ်) တွေကို စောင့်ကြိုနေကြပါတယ်။ အဲဒီကနေတချို့လဲ လိုက်ပါပို့ဆောင်ကြပါတယ်။
တာမွေ မွတ်စ်လင်မ် စွန်နီ (ကဘရ်စတန် ) သင်္ချိုင်း ရောက်တဲ့ အထိပဲ တစ်ယောက်နဲ့တစ်ယောက် ပခုံးပြောင်းပြီး ဂျနာဇာများကို ထမ်းပို့ကြပါတယ်။
ဒီအချိန်က အစ္စလာမ်ဘာသာဝင်များရဲ့ ပထမဦးဆုံး ဥပုသ်လ၀င်တဲ့ ပထမရက်၊ တစ်နေ့လုံး အစားအစာ မစားရဘူး၊ ရေကြည်တစ်ပေါက်လဲ မသောက်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ပါ။ လိုက်ပါပို့ဆောင်ကြတဲ့ မွတ်စ်လင်မ် အများစုဟာလဲ ဥပုသ်စောင့်သူက အများစုဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗလီဟောကနေ တာမွေဆိုတဲ့ ခရီးဟာ ၂ မိုင်လောက်ဝေးပါမယ်။ နေပူထဲမှာပဲ ဒီဂျနာဇာကို မောတာပန်းတာကို အပထားပြီး ပို့ဆောင်ကြပါတယ်။
ကဘရ်စတန် (သင်္ချိုင်း) ရောက်ပြန်တော့ မျက်နှာဖြူ နိုင်ငံခြားသား တော်တော်များများလဲ ရောက်နေပါတယ်။ အင်္ဂလိပ်တွေပဲဖြစ်မယ်လို့ ဆရာမောင်ကို ဂဖာရီကပြောပြပါတယ်။ သတင်ထောက်တွေ နိုင်ငံရေးသမားတွေ ဖြစ်ပါမယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဗြိတိသျှလေဘာပါတီရဲ့ ပါလီမန်အမတ် မစ္စတာ ဘော့ထွန်လီလဲ ပါရှိပါတယ်။
ဥရောပ တိုက်သား ဧည့်သည်တွေထဲက တချို့လဲ ဓါတ်ပုံတွေ ရိုက်ကြတယ်၊ တချို့လဲ ရုပ်ရှင်ရိုက်ကြတယ်။
ဂျနာဇာနမာဇ် (သေဆုံးသူအတွက် နောက်ဆုံး ၀တ်ပြု ဆုတောင်း) ဖတ်ရာမှာလဲ အခု ဂျနာဇာနမာဇ် ဖတ်ဖို့လုပ်ထားနေ့ နေရာမှာပဲ ဖတ်ကြတယ်။ လူတွေကများလွန်းလို့ ဂျနာဇာနမားဇ် ဖတ်ရာမှာ ပြွတ်သိပ်ပြီး တန်းစီဖတ်ကြရတယ်။ ဂျနာဇာနှစ်ခုစလုံးကို တစ်နေရာတည်းမှာ ထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ် သာသနာပညာရှင်များအဖွဲ့ချုပ် ဥက္ကဌကြီး မွတ်ဖ်သီ မာမွတ်ဒါဝတ်ယူစွဖ် က အီမာန်ရှေ့ဆောင် လုပ်ပြီး တချိန်တည်းဖတ်ပေးပါတယ်။
ဒီတုန်းက စွန်နီနဲ့ ရှီအာဟ် မွတ်စ်လင်မ်များရယ်လို့ ကွဲနေပေမဲ့ အစ္စလာမ် ဘာသာဝင်အဖြစ် ကွဲကွဲပြားပြားရှိနေတဲ့ စွန်နီ ရှီအာဟ် ရယ်လို့ ခွဲ့တဲ့စိတ်ကိုမျက်ကွယ်ပြုပြီး အစ္စလာမ်တို့ရဲ့ ညီညွတ်ရေးကို ရှေးရှုတဲ့ အနေနဲ့ ရှီအာဟ် နဲ့ စွန်နီ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းက ခေါင်းဆောင်ကြီးတွေက ခွဲခြားမှု မလုပ်ဘဲ ဒီအာဇာနည်များရဲ့ ဂျနာဇာကို တစ်နေရာတည်းမှာပဲ ဒဖနာ (မြေမြှုပ်သဂြို င်္လ်) ခြင်းကိုပြုလုပ်ခဲ့ကြပါတယ်။
သမိုင်းတကွေ့မှ ရန်ကုန်ဘဆွေ
သန်းဝင်းလှိုင်-စက်တင်ဘာ ၂၇၊ ၂၀၁၂
ထင်ရှားသော စာရေးဆရာ၊ ပန်းချီဆရာ၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သော ရန်ကုန်ဘဆွေကို ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ရေပူဝရွာတွင် ၁၉၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် ကြာသာပတေးနေ့တွင် အဖ လက်သမား ဦးကြာဖြူ၊ အမိ ဒေါ်သေးသေးတို့မှ ဖွားမြင်ခဲ့သည်။ မွေး ချင်းနှစ်ယောက်အနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်မောင် (ခေါ်) လှမောင်။ နောင်တွင် မောင်လှဆွေ၊ လှမောင်သွင် မှည့်ခေါ်သည်။ အမည်ရင်း ဦးဘဆွေဖြင့်သာ ထင်ရှားသည်။
ငယ်စဉ်က အတန်းပညာ မသင်ခဲ့ရပေ။ အစ်ကိုဖြစ်သူ၏သင်ပြမှုနှင့် ကိုယ်တိုင်အားထုတ်မှုအရ စာတတ်လာသည်။ အသက် ၁၅ နှစ်ခန့် တွင် အိမ်မှထွက်ပြေးပြီး မြောင်းမြ၌ ပန်းချီပညာလေ့လာသင်ကြားခဲ့သည်။ ထိုစဉ်မှာပင် အကပညာလည်းသင်ယူခဲ့သည်။
ထို့နောက် ရန်ကုန်သို့ပြန်ရောက်လာပြီး ၁၉၃၃-၃၄ ခန့်တွင် “သက်စောင့်” မဂ္ဂဇင်းသို့ “ဝါးခယ်မလှမောင်” ကလောင်အမည်ဖြင့် ဝတ္ထုများ စ တင်ရေးသားခဲ့သည်။ မဂ္ဂဇင်းတွင် အသုံးပြုသောအခါ “ဝါးခယ်မ” ကိုဖြုတ်ပြီး “လှမောင်” ဟုသာ ဖော်ပြခံခဲ့ရသည်။ နောင်တွင် ကြီးပွားရေး အသင်း စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ စာစီစာကုံးပြိုင်ပွဲ ပထမဆုရသဖြင့် ထိုစဉ်က အမည်ရင်း မောင်လှဆွေဖြစ်သောကြောင့် ကလောင်အမည်ကို “သတိုးဆွေ” (လူငယ်ကြီးပွားရေးအသင်း စာစီစာကုံးပြိုင်ပွဲ ပထမဆုရသူ) ဟု ပြောင်းလဲအမည်ခံသည်။ ရွှင်ပျော်ပျော် စာပေတိုက်၏ နှစ်ပဲတန်ဝတ္ထုခေတ်တွင် ကလောင်အမည်မခံဘဲ ဝတ္ထုနှစ်အုပ်ရေးခဲ့ဖူးသည်။
ပန်းချီကျောင်းတွင် ပန်းချီပညာသင်ခဲ့ပြီးနောက် ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ပုဇွန်တောင် ဆင်ဂါးကျောင်း၌ ပုံဆွဲဆရာ ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ပုဇွန်တောင်ရေကျော်ရှိ ပန်းချီကိုမြတ်ဆိုင်၏ ဖိုတိုလတ်ဓါတ်ပုံဆိုင်တွင် ဝင်ရောက်အလုပ်လုပ်ခဲ့ဖူးသည်။
ထိုစဉ်မှာပင် ရေကျော်ရှိ တက္ကသိုလ်သမဝါယမမှ ဆရာချစ် (ခေါ်) သခင်ချစ် (နောင်ဗကပအတွင်းရေးမှူး(ကျဆုံး) နှင့်ရင်းနှီးပြီး နဂါးနီဂျာ နယ်မှ အဆက်အသွယ်ရခဲ့သည်။ နဂါးနီဂျာနယ်တွင် အစောပိုင်း၌ ဝါးခယ်မလှမောင်ကလောင်အ မည်ခံယူ၍ ဝတ္ထုတို၊ ဆောင်းပါးများ ရေး သားခဲ့သည်။ နောင်တွင် ဘဆွေအမည်ခံ၍ ရေးသားခဲ့ရာ ထိုစဉ်တက္ကသိုလ်မှ ကိုဗ ဆွေကလည်း “ဗဆွေ” အမည်ဖြင့် ရေးသားနေသောကြောင့် ဘဆွေနှစ်ယောက် အမည်ကွဲလွဲစေရန် တက္ကသိုလ်ဗဆွေက “ထားဝယ်ဗဆွေ” အမည်ခံယူ၍ သူကလည်း “ရန်ကုန်ဘဆွေ” အမည်ခံယူ ခဲ့သည်။
၁၉၃၉-၄၁ တို့တွင် နဂါးနီဂျာနယ်၌ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက် ယူနစ်တာဝန်ခံတစ်ဦးအဖြစ် မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲအပါအဝင် ဖျာပုံခရိုင် မြေအောက်တော်လှန်ရေးကို လုပ်ဆောင်ခဲ့သည်။ ဆိုရှယ်လစ်ပါတီတွင် ပါတီစည်းကမ်းထိန်းသိမ်းရေးတာဝန်ကို ယူခဲ့ သည်။
ရန်ကုန်ဘဆွေ၏ နိုင်ငံရေးဘဝဖြတ်သန်းမှုကိုလေ့လာကြည့်ပါက နိုင်ငံရေးရည်မှန်းချက်များအတွက် လက်နက်ကိုင်တော်လှန်မှုကိုထောက် ခံ သော ပြောက်ကျားခေါင်းဆောင် (Terrorist) ဖြစ်နေသည်ကို တွေ့ရသည်။
ရန်ကုန်ဘဆွေသည် ဆရာများ၏မှိုင်းသွင်းထားမှုကြောင့် အင်္ဂလိပ်အလိုတော်ရိ နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောအား ကြည့်မရပေ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ မလိုလားအပ်သူအဖြစ် မြင်လာသည်။ ဤသို့ဖြင့် ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့၏ စည်းရုံးသိမ်းသွင်းမှု နှင့် အားပေးကူညီမှုကြောင့် သူ၏ဇနီး မမြသွေး (လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့်ရ) နှင့် ဖက်ဆစ်တော်လှန်ရေးလက်ရင်း ရဲ ဘော်သုံးလေးဦးတို့နှင့် ဦးစောလုပ်ကြံရေးကို စတင်ခဲ့သည်။ ရှေးဦးစွာ ဗဟန်း (၃) လမ်းနေ ယပက်လက် လှရွှေကြီး (နောင်ဗိုလ်ကြီးဟောင်း ယခုကွယ်လွန်) အကူအညီဖြင့် ဂျစ်ကားတစ်စီးလည်းကောင်း၊ လက်နက်များဗိုလ်ချုပ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ထံမှလည်းကောင်း ရရှိခဲ့ သည်။ ဂဠုန်ဦးစော၏ ရုံးတက် ရုံးဆင်းချိန်၊ စီးသည့်ကားအမျိုးအစား၊ သွားလာတတ်သည့်နေရာဌာန၊ အသုံးပြုသည့်လမ်းကြောင်း၊ လုံခြုံ ရေးရယူထားမှု၊ ဂဠုန်ဦးစော၏ အိမ်အခြေအနေအသေးစိတ်ကို ကြိုတင်လေ့လာထားရှိသည်။
အကောင်အထည်ဖော်သည့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက် စနေနေ့တွင် ကားရှေ့ခန်း၌ ယာဉ်မောင်း ကိုမြလှိုင်နှင့် ရန်ကုန်ဘဆွေ၊ ကားနောက်ခန်းတွင် ရဲဘော်ဘတုတ်၊ ရဲဘော်ထွန်းခင်တို့ လိုက်ပါလာသည်။ ကားကို အမိုးဖြုတ်၍ စစ်စိမ်းရောင်ဆေးသုတ်ကာ ကားပေါ် ပါလာသူအားလုံး ပြည်သူ့ရဲဘော် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားကြသည်။
ထိုနေ့က ဂဠုန်ဦးစောသည် ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ သူရိယသတင်းစာတိုက်ဆင်း၍ သူရိယသတင်းစာတိုက် ရှေ့ရှိ မျိုးချစ်ပါတီရုံးခန်းသို့ ခေတ္တဝင်ခဲ့သည်။ ထို့နောက် အလုံလမ်းရှိ ဘုရင်ခံအိမ်တော်၌ ဘုရင်ခံနှင့် တွေ့ဆုံဆွေးနွေးကာ တော်လှန်ရေး ပန်းခြံအနီး ဝိဇယရုပ်ရှင်ရုံအနီးရှိ ဓါတ်ဆီဆိုင်၌ ကားဆီဖြည့်သည်။ ဆီဖြည့်နေစဉ် ဂဠုန်ဦးစောသည် မိမိကားနောက်မှ တလျှောက်လုံး လိုက်လာသောဂျစ်ကားကို သတိထားမိလိုက်သည်။ ယင်းနောက် တော်လှန်ရေးပန်းခြံအနီး ဆီဆိုင်မှတဆင့် မြေနီကုန်းအဝိုင်းကြီးအလွန် (ယခု အထက (၂) စမ်းချောင်းကျောင်း) ရှေ့အနီး၌ ကားချင်းယှဉ်၍ ရန်ကုန်ဘဆွေနှင့်အဖွဲ့သည် သေနတ်ဖြင့် ချိန်ရွယ်လှမ်းပစ်လိုက်ရာ ဦးစောသည် သေနတ်စတင်ချိန်ရွယ်စဉ်ကပင် ခေါင်းကို ကားထဲငုံ့ချလိုက်သည်။ သို့သော် ကျည်ဆံသည် လူကိုမထိသော်လည်း ကားမှန်ကို ထိသွားသည်။ ကားမှန်ကွဲပြီးလွင့်စင်လာသော မှန်စများကြောင့် ဂဠုန်ဦးစော၏မျက်စိကိုထိမှန်ကာ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရသည်။
သေနတ်သမားများသည် ပြည်သူ့ရဲဘော်ဝတ်စုံများဝတ်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်း၏ လူများဟု ယူဆကာ ဗိုလ်ချုပ်၏စေခိုင်းချက်အရ သူ့အား နိုင်ငံရေးအရ လုပ်ကြံခဲ့သည်ဟု တသက်လုံးမှတ်ယူသွားခဲ့သည်။
ဤသို့ ရန်ကုန်ဘဆွေနှင့် ဗိုလ်အောင်ကြီး၊ ဗိုလ်ချုပ်နေဝင်းတို့၏ မဆင်မခြင် မင်းမဲ့စရိုက်ဆန်ဆန် ပြုမူဆောင်ရွက်ခဲ့မှုကြောင့် ခုတ်ရာတခြား၊ ရှရာတခြားဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် အငြိုးအတေးကြီးသော ဦးစော၏လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရ သည်။
ရန်ကုန်ဘဆွေသည် စွန့်လွှတ်စွန့်စားနိုင်သူလည်း ဖြစ်သည်။ ပြည်တွင်းစစ်ကာလ ဗမာ့တပ်မတော်မှ ဗိုလ်မှူးကြီး မောင်မောင် (နောင် ဗိုလ် မှူးချုပ်) နှင့်အဖွဲ့အား ကရင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့အား ကယ်တင်ရန်အ တွက် ဗိုလ်မှူးကြီးစောမြင့်၏ကွပ်ကဲမှုဖြင့် ရန်ကုန်ဘဆွေနှင့်အဖွဲ့သည် ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ပြည်လည်ကယ်ထုတ် နိုင်ခဲ့သည်။
ရန်ကုန်ဘဆွေသည် စာပေအနုပညာဝါသနာထုံ၍ အောင်မြင်သောစာရေးဆရာ ပန်းချီဆရာတစ်ဦးလည်း ဖြစ်နေပြန်သည်။ ၁၉၄၆ ခုနှစ် တွင် ပြဇာတ်နယ်သို့ဝင်ရောက် စစ်ပြန်၊ စံထူး၊ ခဝဲပွင့်ချိန် စသည့် တိုက်ခိုက်ရေးပြဇာတ်များကို နေသူရိန်ရုံ၌ တင်ဆက်ခဲ့သည်။
၁၉၄၅ ခုနှစ်တွင် ရုပ်ရှင်နယ်သို့ ဝင်ရောက်၍ ၁၉၅၅ ခုနှစ်တွင် “မာန်” ရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဂျာနယ်ပြာ ဂျာနယ်နှင့် ၁၉၅၈ ခုနှစ်တွင် “မီးဒုတ်” ဂျာနယ်တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၅၆-၅၇ တွင် နာဂတောင်တန်း လေ့လာရေးခရီးသွားရောက်ခဲ့သည်။
၁၉၅၉-၆၀ တွင် မြန်မာနိုင်ငံစာရေးအသင်း၌ အမှုဆောင်အဖွဲ့ဝင်၊ ၁၉၆၀-၆၃ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာ အသင်း ဒုတိယဥက္ကဋ္ဌ၊ ၁၉၆၃-၆၄ ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ တာဝန်တို့ကို ယူခဲ့သည်။
ရန်ကုန်ဘဆွေ၏ ထင်ရှားသောဝတ္ထုများမှာ ချီလေသော်လည်း(၁၉၆၃)၊ တိုက်ယူရသည့် မျက်ရည်တစ်ပေါက် (၁၉၆၃)၊ နန်းဟာဗီး (၁၉၆၄)၊ သေသော်မှသည်သြော်ကောင်း၏ (၁၉၆၄)၊ သည်မိုးသည်လေ (၁၉၆၄)၊ ခေတ်၏သားကောင် (၁၉၆၄)၊ ဆိုးပေ (၁၉၆၄)၊ မြန်မာ ပြည်သား (၁၉၆၅)၊ ရွှေဝါပြည် (၁၉၆၅)၊ အထီးကျန်၊ မြင့်မိုရ်ကိုချွေပျက်ကြွေမည့် ယောက်ျား၊ စနစ်တွေအတင်းပြောင်းလဲမည်၊ ရဲဘော်တို့နှင့် အတူ၊ ဖက်ဆစ်သူရဲတွေပတ်လည်ဝိုင်း၍ စသည်တို့ဖြစ်သည်။ ထို့အပြင် နဝဒေးတခန်းရပ်ပြဇာတ်၊ မင်းသားကိုကြီးကောင်းပြဇာတ် စသည့် ပြဇာတ်များ၊ ချစ်ဇနီးသို့အမည်ဆေးပညာပေး ကျမ်း၊ စကားနက်၊ ပန်းသွင်သီကုံးရေးနည်းဖွဲ့ချင်သော်၊ စာရေးခြင်းအတတ် စသည့် စာပေ အရေးအသားဆိုင်ရာစာအုပ်များ ရေးသားခဲ့သည်။ ဦးသော်ဇင်နှင့် တွဲဖက်၍ “မိုးတိမ်တမန်”၊ “မေဃဒူတ” သက္ကတဝတ္ထုတို့ကိုလည်း မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့သည်။ ပြည်သူ့အရေးတော်ပုံသမိုင်း၊ ပန်းချီအခြေခံသဘောတရား၊ ဗေဒင်ပညာ စသည့်စာအုပ်များသည် ယနေ့တိုင် မ ထုတ်ဝေရသေးပေ။
၁၉၇၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖွဲ့စည်းခဲ့သော ပြည်သူ့ပြည်ချစ်ပါတီတွင် ရန်ကုန်ဘဆွေသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်လှုပ်ရှား၍ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် (၂/၂၈၀) ထုတ်ပြန်ပြီးနောက် ၁၉၈၀ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကော့သောင်း မြို့မှတဆင့် အလင်းဝင်ရောက်ခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ပါတိတ်ပန်းချီရေးဆွဲခြင်း၊ မော်ဒန်ပန်းချီရေးဆွဲခြင်းတို့အပါအဝင် အနုပညာလုပ်ငန်းများ လုပ် ကိုင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ် ဇန်နဝါရီလတွင် ရန်ကုန်ဘဆွေအား နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဘွဲ့ ချီးမြှင့်ခဲ့သည်။
၁၉၈၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဖဆပလ တိုက်ခန်းနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်မြသွေးနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။
Monday, July 15, 2013
လွတ်လပ်ရေးဖခင်သဖွယ်ထင်ယောင်ထင်မှား ဖြစ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သော 1945 ခုနှစ်နောက်ပိုင်းမှာ Atlantic Charter အမိန့်ပြန်တမ်းအရ အင်္ဂလိပ် အစိုးရသည် သူ့၏ ကိုလိုနီနိုင်ငံများအားလုံးကို လုံးဝလွတ်လပ်ရေး ပေးဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်ကိုလိုနီနိုင်ငံများသည် လွတ်လပ်ရေးကို အချိန်တန်ရင် မတောင်းလည်း ရပြီးသားအခြေအနေဖြစ်ခဲ့သည်။
ထိုကိစ္စကိုကြိုတင်သိထားသော ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်သို့ အမြန်ဆုံးသွားရောက်ကာ ၀န်ကြီးချုပ်အက်တလီနှင့် အမြန်ဆုံးတွေ့ဆုံကာ လွတ်လပ်ရေးကို တောင်းဆိုခဲ့သည်။ ဒီတော့ ၀န်ကြီးချုပ်အက်တလီက ပြောလိုက်သည်မှာ- (လွတ်လပ်ရေးကို မတောင်းလည်းပေးဖို့အစီအစဉ်ရှိပါတယ်။
ဒါပေမယ့် တောင်တန်းဒေသ တိုင်းရင်းသားများကိုတော့ သူ့တို့ရဲ့ ဆန္ဒအတိုင်းပဲဖြစ်စေရမယ်။ ခင်ဗျားတိှု့ဗမာတွေနဲ့ အတူတူယူမယ်ဆိုလည်းရတယ်။ သူတို့ပဲသီးခြားယူမယ်ဆိုလည်းရတယ်။ ခင်ဗျားတို့ဗမာတွေ တိုင်းရင်းသားတွေနဲ့ အတူတူ လွတ်လပ်ရေးယူမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုမေးရမယ်။ သူ့တို့ ခင်ဗျားတို့နဲ့ အတူတူယူမယ်ဆိုရင်တော့ လွတ်လပ်ရေးအတူတူယူမယ်ဆိုတဲ့ သဘောတူညီချက်ကို စာချုပ်ချုပ်ပြီးပြန်လာပြပါ။) လို့ပြောလွှတ်လိုက်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အမြန်ဆုံးပြည်တော်ပြန်ပြီး တိုင်းရင်းသားတွေကို ဗမာနဲ့အတူတူလွတ်လပ်ရေးယူဖို့ အမျိုးမျိုးဖြားယောင်းစည်းရုံးခဲ့လေသည်။
1946 ခုနှစ်နိုဝင်ဘာလ (28) ရက်နေ့မှာ မြစ်ကြီးနားမြို့သို့ ရောက်လာပြီး နိုဝင်ဘာလ (29) ရက်နေ့မှာ ကချင်ခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ်-(ခင်ဗျားတို့ကချင်လူမျိုးတွေ တိုးတက်ချင်ရင် ကျွန်တော်တို့ဗမာတွေနဲ့ အတူလွတ်လပ်ရေးယူရအောင်၊ မတိုးတက်ချင်ရင်တော့ အင်္ဂလိပ်ပြောစကားကိုနားထောင်ကြပါ။ လွတ်လပ်ရေးရပြီးနောက် ခင်ဗျားတို့ ကချင်ပြည်ကို ခင်ဗျားတို့ကချင်တွေသာ အုပ်ချုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဗမာတွေ လာအုပ်ချုပ်မှာမဟုတ်ဘူး။ ခင်ဗျားတို့ဒေသကို ခင်ဗျားတို့စိတ်တိုင်းကျ ကြိုက်သလိုစီမံအုပ်ချုပ်ကြပါ။ ဒါပေမယ့် တစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် ဘဏ္ဍရေးစသည့် ကိစ္စတွေကိုတော့ ကချင်ဝန်ကြီးများပါဝင်တဲ့ ဗဟိုအစိုးရအဖွဲ့က တိုင်ပင်ဆောင်ရွက်ကြပါလိမ့်မယ်။ ဘာသာရေးနှင့် ပါတ်သက်လို့လည်း ခင်ဗျားတို့ကြိုက်နှစ်သက်တဲ့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ပါတယ်။ စစ်တပ်နဲ့ပါတ်သက်ရင်လည်း ခင်ဗျားတို့ရဲ့ ကချင်တပ်ကို သီးခြားတပ်ဖွဲ့အနေနဲ့ ဖွဲ့စည်းပေးမယ်၊ တန်းတူညီမျှရေးမှာလည်း ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ် အခွင့်အရေးရမယ်။ ခင်ဗျားတို့ ကျွန်တော်တို့ဗမာတွေကို မကောင်းဘူးလို့ထင်ရင် လက်တွေ့ပေါင်းကြည့်ပါ။ အခုခေတ်ဗမာတွေဟာ အရင်ခေတ်ဗမာတွေနဲ့ မတူတော့ဘူးဆိုတာ ခင်ဗျားတို့ယုံပါလို့ပြောချင်ပါတယ်) စသည်ဖြင့် ကချင်တွေကို စည်းရုံးသိမ်းသွင်းခဲ့သည်။ ကချင်တွေကလည်း လက်တွေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို မစဉ်းစားဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပြောမှာ ရေစုန်မျောခဲ့ ကြရပြီ။ တစ်ကယ်ဆိုရင် အချို့သောကချင်အမျိုးသားများဟာ ဗမာတွေနဲ့အတူတူ လွတ်လပ်ရေးရယူမှုကို သဘောမတူခဲ့ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက အင်္ဂလိပ်အစိုးရ၏ တောင်တန်းဒေသ အုပ်ချုပ်ရေးမှူး H.N.C Stevenson သည် 1946 ခုနှစ် ဒီဇင်ဘာလ (2-3) ရက်နေ့များတွင် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး -(ခင်ဗျားတို့ကချင်တွေကို သီးခြားကချင်ပြည်သတ်မှတ်ပေးပြီး သီးခြားလွတ်လပ်ရေးပေးဖို့ စီစဉ်နေပါတယ်။
ဒါပေမယ့် ဗမာခေါင်းဆောင်တွေက ခင်ဗျားတို့ကချင်တွေဟာ ဗမာတွေနဲ့အတူတူပဲ လွတ်လပ်ရေးယူချင်ကြတယ်။ ဗမာတွေနဲ့ ခွဲမနေချင်ကြဘူးဆိုပြီး ကန့်ကွက်ပြောဆိုနေကြတော့ ကျွန်တော်တို့ အင်္ဂလိပ်အစိုးရလည်း ဆုံးဖြတ်ရခက်နေပါတယ်။ ဒီတော့ ဒီနေ့ ကျွန်တော်နဲ့ အတူရောက်လာတဲ့ ဗြိတိသျှပါလီမန် အထူးကိုယ်စားလှယ်များရဲ့ ရှေ့မှောက်မှာ သီးခြားကချင်ပြည်ကို လိုချင်ပါတယ်။ သီးခြားလွတ်လပ်ရေးကို ရယူချင်ပါတယ်လို့ တစ်သံထဲပြော ကြပါ။ ခင်ဗျားတို့ကချင်တွေ လိုအပ်နေတဲ့ ပညာရပ်တွေအမျိုးမျိုးကိုလည်း သင်ကြားပေးသွားမှာဖြစ်တယ်။ အုပ်ချုပ်ရေးပညာတွေ ဆေးပညာတွေလည်းပါတယ်။ ခင်ဗျားတို့ ဗမာတွေနဲ့အတူတူ လွတ်လပ်ရေးယူသွားရင် ခင်ဗျားတို့ကချင်တွေထက် ပိုမိုတတ်ကျွမ်းတဲ့ လူဦးရေလည်းပိုများတဲ့ ဗမာတွေက ခင်ဗျားတို့ကို တဖြည်းဖြည်းချင်းဝါး မျိုသွားလိမ့်မယ်။ ဗမာနဲ့အတူတူလွတ်လပ်ရေး မယူချင်ကြပါနဲ့လို့ တိုက်တွန်းပြောချင်ပါတယ်) စသည်ဖြင့် အကြံပြုပြောကြားခဲ့တဲ့စကားတွေကို ကချင်လူမျိုးတွေ ဒီနေ့ဒီအချိန်မှာ နားလည်သဘောပေါက်ကြပေမဲ့ နောက်ကျခဲ့ ပြီလေ။ နောက်ကြောင်းပြန်လှည့်သွားလို့မှ မရတော့တာ။
အဲဒီလို အင်္ဂလိပ် တောင်တန်းဒေသအုပ်ချုပ်ရေးမှူး စတီဗင်ဆင် ပြောတဲ့စကားကို အဓိကဆန့်ကျင်ကန့်ကွက်ပြောဆိုသူသည် ဆမားဒူဝါဆင်ဝါးနော် ဖြစ်ခဲ့သည်လို့ ပြောကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ဖခင် ဆမားဒူဝါဂွမ်ဆိုင်းလီဟာ အင်္ဂလိပ်တွေကို ဆန့်ကျင်တော်လှန်တိုက်ခိုက်တဲ့ တိုက်ပွဲမှာကျဆုံးသွားခဲ့လို့ အင်္ဂလိပ်တွေ ဘယ်လောက်မှန်တဲ့ စေတနာစကားပဲပြောပြော သူ့နားမှာမ၀င်တော့ပေ။ သူ့ဘက်က စဉ်းစားကြည့်ပေးမယ်ဆိုရင်တော့ သဘာဝကျပါတယ်လေ။ အဲဒီအချိန်တုန်းက ဗမာတွေရော ကချင်တွေပါ အင်္ဂလိပ်အစိုးရရဲ့ ကျွန်သဖွယ်ဖြစ်နေကြတော့ ကျွန်အချင်းချင်းစည်းရုံးတဲ့စကားကိုမှ အဟုတ်ထင်ခဲ့ကြတာ သဘာဝကျပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်အစိုးရမှာ အစီအစဉ်ရှိမရှိဆိုတာကို ကချင်ခေါင်းဆောင်တွေမှ ကြိုမသိခဲ့ကြတာ။ သိသူဖော်စား၊ မသိသူကျော်သွားဆိုသလိုပေါ့။ အဲဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းနဲ့ ချင်းတွေကိုလည်း ကချင်တွေကိုစည်းရုံးသလို စည်းရုံးခဲ့တယ်။ ရှမ်းကိုကျတော့ သူ့ရဲ့တပည့်ကျော် ဦးထွန်းလှဆိုသူကိုစေလွှတ်ပြီး စည်းရုံးခိုင်းခဲ့တယ်။ ဒါပေမယ့် ရှမ်းတွေက ဗမာနဲ့အတူတူ လွတ်လပ်ရေးယူဖို့ကို သဘောမတူခဲ့ကြပါ။ သို့သော် 5.2.1947 ရက်နေ့မှာ ကချင်ခေါင်းဆောင်များသည် ပင်လုံမြို့သို့သွားရောက်ပြီး ဗမာနဲ့အတူတူ လွတ်လပ်ရေးယူရန်၊ လွတ်လပ်ရေးရပြီးနောက် ကချင်နှင့် ရှမ်းသီးခြားပြည်နယ်များပါဝင်သည့် ပြည်ထောင်စုကို ဖွဲ့စည်းသွားဖို့ရန်နှင့် ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်သွားကြရန် စည်းရုံးပြောဆိုခဲ့လို့ 6.2.1947 ရက်နေ့မှာ ရှမ်းခေါင်းဆောင်များသည်လည်း ဗမာနဲ့အတူတူ လွတ်လပ်ရေးရယူဖို့ကို သဘောတူခဲ့ကြသည်။ 6.2.1947 ရက်နေ့ညနေပိုင်းတွင် ချင်းခေါင်းဆောင်များလည်း ရောက်ရှိလာပြီး ကချင်နဲ့ ရှမ်း သဘောတူသလို ဗမာတွေနဲ့ လွတ်လပ်ရေးအတူတူရယူဖို့ကို သဘောတူခဲ့ကြသည်။
8.2.1947 ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ရောက်ရှိလာပြီး 9-10-11 သုံးရက်တိုင်တိုင် အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ကြပြီး 12.2.1947 ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံလို့ခေါ်ဆိုမည့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ပေါ်လာရန်အတွက် သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်ကြောင့် အင်္ဂလိပ်အစိုးရသည် တိုင်းရင်းသားများကိုလည်း ဗမာများနှင့်အတူ လွတ်လပ်ရေးကို ပေးခဲ့ရခြင်းဖြစ်သည်။
ထိုဖြစ်ရပ်များကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြောင့် လွတ်လပ်ရေးရခဲ့တာမဟုတ်ဘဲ ဗမာများကို လွတ်လပ်ရေးပေးသလို တိုင်းရင်းသားများကိုလည်း သီးခြားလွတ်လပ်ရေးတွေပေးဖို့ အစီအစဉ်ရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုသူက သူ့ကိုပဲနိုင်ငံရဲ့ ကယ်တင်ရှင်ကြီးသဖွယ် သတ်မှတ်ကြပါစေဆိုတဲ့ သဘောမျိုးနဲ့ လူလည်လုပ်ပြီး မင်းသားလုပ်သွားခဲ့လို့ ဒီနေ့ တိုင်းရင်းသားများခမျာ အဖိနှိပ်ခံဘ၀ဆီသို့ ရောက်နေခဲ့ရတာဖြစ်ကြောင်း၊ ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဆိုသူသည် အမှန်တစ်ကယ် လွတ်လပ်ရေးခေါင်းဆောင် ဖခင်ကြီးဖြစ်သည်ဟု အသိအမှတ်ပြုခေါ်ဆိုဖို့ရန် စဉ်းစားစရာဖြစ်နေကြောင်းနှင့် ယခုတင်ပြချက်များသည် ဘယ်သူ့ကိုမှရည်ရွယ်ခြင်းမဟုတ်ဘဲ သမိုင်းဖြစ်ရပ်မှန်ကို ဖော်ထုတ်လိုက်ခြင်းသာလျှင် ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
ပြည်သူ့တမန်