Wednesday, June 12, 2013

Madeleine Albright's Speech in Burmese_ရန်ကုန်တက္ကသိုလ်ဇွန် ၄၊ ၂၀၁၃


မယ်ဒလင်း အောဘရိုက်၏ မိန့်ခွန်း
(ပေးဝေရန် ပြင်ဆင်ထားသည့်အတိုင်း)
ရန်ကုန်တက္ကသိုလ်ဇွန် ၄၊ ၂၀၁၃

မင်္ဂလာပါ။ မင်္ဂလာနေ့လယ်ခင်းပါ။ ကျွန်မဒီကိုပြန်လာခွင့်ရတဲ့အတွက် ကျေနပ်မိပြီး အခုလို ကျွန်မကို လူကြီးမင်းတို့ တိုင်းပြည်ကကြိုဆိုတဲ့အတွက်ကြောင့် ကျေးဇူးတင်စကားပြောလိုပါတယ်။
ဒီအခမ်းအနားကို ကျင်းပခွင့်ပေးတဲ့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းနဲ့ ဝန်ထမ်းတွေ ကိုလည်း သူတို့ရဲ့ လှိုက်လှဲမှုအတွက် ကျေးဇူးတင်ပါတယ်။
သံအမတ်ကြီး မစ်ချဲလ်နဲ့ အမေရိကန်သံရုံးကသူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သူတို့ရဲ့ အကူအညီ တွေ၊ အားပေးမှုတွေကြောင့် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ပြီးတော့ သံအမတ်ကြီး မစ်ချဲလ်ရဲ့ အဖွင့် မိတ်ဆက်စကား အတွက်လည်း ကျေးဇူးတင်ပါတယ်။
သံအမတ်ကြီး မစ်ချဲလ်က ကျွန်မတို့တိုင်းပြည်ရဲ့အထူးချွန်ဆုံးသံတမန်တစ်ယောက်ပါ။ ဒါ့ကြောင့်လည်း ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်မှာဒီနေရာမှာ တာဝန်ထမ်းဆောင်ဖို့ သူ့ကို သမ္မတ ဘားရက် အိုဘားမားက တာဝန်အပ်နှင်းတာဖြစ်ပါတယ်။
ကျွန်မရဲ့ သံရုံးက အကူအညီပေးတဲ့အတွက်ကျေးဇူးတင်ပေမဲ့ ဒီကနေ့ပြောမယ့် ကျွန်မရဲ့ အတွေးအမြင် တွေက ကျွန်မရဲ့ ကိုယ်ပိုင်သက်သက်သာဖြစ်တယ်လို့ကြိုတင်ရှင်းပြပါရစေ။ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် တခြားသူတစ်ဦးတစ်ယောက်ရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ်ကျွန်မလာခဲ့တာမဟုတ်ပါဘူး။
ကျွန်မ ဒီတိုင်းပြည်ကို လွန်ခဲ့တဲ့သုံးရက်က ရောက်ခဲ့ပါတယ်။ ရောက်ကတည်းက နေပြည်တော်နဲ့ ရန်ကုန် မှာရှိတဲ့ သင်တို့ရဲ့ အစိုးရအဖွဲ့ကကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်တွေနဲ့အရပ်ဘက်လူ့အဖွဲ့အစည်းများစွာက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ ပါတယ်။
ကျွန်မကို ပျူပျူငှာငှာ ကြိုဆိုတာနဲ့ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာတွေအတွက် များစွာတန်ဖိုးထား ပါတယ်။
ကျွန်မ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်တဲ့အခါမှာသင်တို့ တိုင်းပြည်ဟာ လှပတဲ့တိုင်းပြည်ဖြစ်ရုံ သာမက စွမ်းအားအပြည့်နဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်ကိုင်နေပြီး နိုင်ငံတကာအသိုက်အဝန်းမှာ နေရာမှန်ကို ပြန်ရဖို့ ကြိုးပမ်းနေတဲ့ မျှော်လင့်ချက်အပြည့်နဲ့တိုင်းပြည်ဖြစ်တယ်လို့ တခြားသူတွေကို ကျွန်မသတင်းစကားပါးဦး မှာပါ။
လွန်ခဲ့တဲ့ ၁၈ နှစ်နီးပါးတုန်းက ကျွန်မဒီကို ပထမဆုံးရောက်တဲ့အချိန်မှာ ပတ်ဝန်းကျင်အခြေအနေဟာ အခုနဲ့ လုံးဝမတူပါဘူး။
အဲဒီတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျွန်မလာခဲ့ပြီး စစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူက ကမ္ဘာတစ်လွှားမှာ လေးစားခံရပြီး သူ့နာမည်ကိုသင်တို့ကောင်းကောင်းသိကြပါတယ်။  
အဲဒီလို လာရောက်ခွင့်ရတဲ့အတွက် ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေနဲ့ ပြည်သူတွေကြားမှာ တင်းမာမှုရှိနေတာကို သတိထားမိခဲ့ပါတယ်။
လွတ်လပ်မှုအစား အကြောက်တရားပဲ ရှိခဲ့တယ်။ပညာရေးအစား ခြိမ်းခြောက်မှုပဲ ရှိခဲ့တယ်။ တိုးတက်မှု အစား တခြားတိုင်းပြည်တွေ ရှေ့ကိုချီတက်နေချိန်မှာ တိုင်းပြည်က နောက်ပြန်ဆွဲနေခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်မတွေ့ဆုံခဲ့စဉ်ကပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ အစိုးရတစ်ရပ် ကို သူလိုလားတယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။
ကြေကွဲစရာကောင်းစွာပဲ သူနဲ့ တခြားဒီမိုကရက်တွေရဲ့မျှော်လင့်ချက်တွေဟာ အဲဒီနှစ် ဒါမှမဟုတ် နောက်ပိုင်းနှစ်တွေမှာ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။
အကျိုးဆက်အားဖြင့် ကျွန်မတို့ရဲ့ ခေါင်းဆောင်တွေနဲ့သင်တို့ရဲ့ ခေါင်းဆောင်တွေကြား ဆက်ဆံရေးမှာ ခက်ခဲလာပါတယ်။ အထောက်အပံ့တွေကို ရပ်ဆိုင်းထားရင်ပြောင်းလဲမှုပြုလုပ်ဖို့အတွက် အထောက်အကူပြုလိမ့် မယ်လို့ အမေရိကန်ပြည်ထောင်စုက မှတ်ယူခဲ့ပါတယ်။
လူအများက အရပ်ဘက်လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးအတွက်ဆက်ပြီး ထောက်ခံအားပေးခဲ့တာကို ကျွန်မတို့တစ်တွေ အဲဒီအချိန်တုန်းက လေးစားအားကျစွာနဲ့စောင့်ကြည့်နေခဲ့ပါတယ်။
ဒီကလူတွေ ဘယ်သူမှ ဖိနှိပ်မှုအခြေအနေကနေမလွတ်မြောက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကြောက်ရွံ့ခြင်းကို ဘဝရှင်သန်ရေးလမ်းကြောင်းအဖြစ်သင်တို့လက်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။
သင်တို့ရဲ့ ရဲစွမ်းသတ္တိကြောင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာသမ္မတအသစ်တစ်ဦးက ပြုပြင်ပြောင်းလဲရေး လမ်းစကို ဖွင့်ပေးခဲ့ပြီး ဒီမြေကို အမှောင်ကျစေခဲ့တဲ့မူဝါဒတွေကို ဖယ်ရှားပေးခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်ဖို့အချိန်လင့်ခဲ့တာ အတော်ကြာခဲ့ပြီဆိုပေမဲ့ ဒါတွေက လိုအပ်သလို အရေးလည်းကြီးပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာနိုင်ငံရေးအကျဉ်းသားအများအပြားကို လွှတ်ပေးတာ၊ ဆင်ဆာဖြတ် တောက်တာကို လျှော့ချပေးတာ၊ပိုမိုအသက်ဝင်တဲ့ စီးပွားရေးအခြေအနေကို ဖန်တီးပေးတာ၊ အဓိပ္ပါယ်ပြည့်ဝတဲ့ ပါလီမန်ရွေးကောက်ပွဲတွေကျင်းပပေးတာနဲ့ ၂၀၁၅ ခုနှစ်မှာ နောက်ထပ်ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်တာတွေ ပါဝင် ပါတယ်။
ဒီလုပ်ငန်းတွေကြောင့် ဒီမှာအကျိုးသက်ရောက်မှုရှိသလိုနိုင်ငံရပ်ခြားမှာလည်း သင်တို့တိုင်းပြည်ကို ဘယ်လိုမြင်သလဲဆိုတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။
ကုန်သွယ်ရေးနဲ့ အကူအညီပေးရေးအပေါ်ထားရှိတဲ့ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါပြီ။
သံအမတ်တွေလည်း အပြန်အလှန်ထားရှိပါပြီ။
နိုင်ငံခြားရင်းနှီးမြုပ်နှံမယ့်သူတွေကလည်းတိုင်းပြည်ထဲလာဖို့ တာဆူနေကြပါပြီ။
၂၀၁၄ မှာဆိုရင် အရှေ့တောင်အာရှနိုင်ငံများအသင်းဥက္ကဋ္ဌရာထူးကို သင်တို့အစိုးရက ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ။
ပြီးတော့ သမ္မတအိုဘားမားအပါအဝင် အဆင့်မြင့်ဧည့်သည်တွေကလည်းသင်တို့ရဲ့ ခေါင်းဆောင်တွေနဲ့ သင်တို့ဆီ အားပေးကူညီမှုနဲ့ ချစ်ကြည်ရေးသတင်းစကားကို ပါးပေးပြီးဖြစ်ပါတယ်။
ကုန်ခဲ့တဲ့လကဆိုရင် သမ္မတဦးသိန်းစိန်ဟာနှစ်ပေါင်း ၅၀ အတွင်းမှာ သင်တို့နိုင်ငံရဲ့ အကြီးအကဲ တစ်ယောက်ရဲ့ ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ်ဝါရှင်တန်ကို လာရောက်ခဲ့ပါတယ်။
အဲဒီအချိန် ရန်ကုန်နဲ့ တိုင်းပြည်တစ်လွှားမှာတော့လက်ရှိအခြေအနေကနေ ဘယ်လိုရှေ့ဆက်ကြမလဲ ဆိုတာကို သက်ဝင်စွာ ငြင်းခုံနေကြပါတယ်။ နိုင်ငံရေးပါတီတွေကဦးဆောင်စီစဉ်ကြပါတယ်။ ထောက်ခံအားပေးသူ အဖွဲ့တွေလည်း ဖွဲ့စည်းဆောင်ရွက်ကြပါတယ်။
အတိတ်တစ်ချိန်တုန်းက သင်တို့ရဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေကလူငယ်တွေ ဒီလောကကြီး ထဲမှာ ကောင်းကောင်းရပ်တည်နိုင်ဖို့အတွက် ပြင်ဆင်ပေးတာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေဘယ်လိုပါဝင်ခဲ့ သလဲဆိုတာကို  ဒီတက္ကသိုလ်ရဲ့အဆင်အပြင်က ကျွန်မကို သတိပေးနေပါတယ်။
အစိုးရတာဝန်နဲ့ အမျိုးသားဒီမိုကရေစီအင်စတီကျုရဲ့ဥက္ကဋ္ဌအဖြစ် ကျွန်မ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်လျှောက် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကူးပြောင်းလာတဲ့ နိုင်ငံအများကြီးကို ကျွန်မတွေ့ဖူးပါတယ်။
အသွင်ကူးပြောင်းမှုတိုင်းက တစ်မူထူးခြားကြပေမဲ့သူတို့မှာ တူညီတဲ့ အပိုင်းတွေရှိကြပါတယ်။
အဲဒီထဲက အရေးအကြီးဆုံးနဲ့ မကြာခဏဆိုသလိုအခက်အခဲဆုံးအပိုင်းက စိတ်ရှည်သည်းခံဖို့ လိုတယ် ဆိုတဲ့ အချက်ပါပဲ။
အပြင်လူတစ်ယောက်အနေနဲ့တော့ အကြံပြုတာလွယ်ပါတယ်။ဒါပေမဲ့ စိတ်မရှည်တဲ့ မေးခွန်းတွေ မေးမြန်း တာကို တားမြစ်ထားတာ နှစ်ပေါင်း ၂၀ ကြာခဲ့တော့ဒီကိစ္စက သိပ်တော့ မလွယ်ကူလှပါဘူး။
ဥပမာအားဖြင့် ဘာ့ကြောင့် မိသားစုအများအပြားဟာကျောင်းကောင်းကောင်းမတက်ရတာလဲနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မရကြရတာလဲ။
ဘာ့ကြောင့် ကျေးရွာအများမှာ ပိုကောင်းတဲ့လမ်းတွေ၊ပိုပြီးသန့်ရှင်းတဲ့သောက်သုံးရေတွေကို လိုအပ် နေသေးတာလဲ။
ဘာ့ကြောင့် ဆင်းရဲချမ်းသာကွာဟမှုက ကြီးမားစွာရှိနေရသေးတာလဲ။
သူတို့ကျူးလွန်ခဲ့တာကြောင့်မဟုတ်ဘဲသူတို့ယုံကြည်မှုကြောင့်ဆိုတဲ့အချက်ကြောင့် သင်တို့ရဲ့ ပြည်သူ အချို့ဟာ အကျဉ်းထောင်ထဲမှာဘာ့ကြောင့် ရှိနေကြသေးတာလဲ။
အခုပြောခဲ့တာတွေအပြင် အလုပ်အကိုင်သစ်တွေကောဘယ်မှာလဲ။
သင်တို့အချိန်အကြာကြီး စောင့်ခဲ့ရတယ်လို့ခံစားကောင်းခံစားမိပါမယ်။ ဒါပေမဲ့ အတိအကျပြောရရင် သင်တို့ရဲ့ လွတ်လပ်ခွင့်ကို ငြင်းပယ်ခံခဲ့ရတဲ့အတွက်မူလအခြေအနေဆီပြန်ရောက်ဖို့ စိန်ခေါ်ချက်က ကြီးမားပြီး စိတ်ရှည်သည်းခံဖို့ လိုအပ်ချက်ကမရှောင်လွှဲနိုင်ပါဘူး။
စိတ်မကောင်းစရာကတော့ လူသားတွေနဲ့ တိုင်းပြည်ရဲ့အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြုပ်နှံဖို့ ဆယ်စုနှစ် နှစ်စုစာ အားနည်းခဲ့တာကို ထေမိဖို့အချိန်ယူရဦးမှာပါ။
ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေကိုတည်ဆောက်ဖို့၊ ကောင်းကောင်းအလုပ်လုပ်တဲ့ လွှတ်တော်တစ်ရပ် ဖန်တီးဖို့၊ တရားရုံးတွေ တရားမျှတဖို့နဲ့လူတွေကို အန္တရာယ်မပြုဘဲကာကွယ်ပေးမယ့် လုံခြုံရေးတပ်ဖွဲ့ဖြစ်လာဖို့ အချိန်ယူရပါမယ်။
စီးပွားရေး၊ အခွန်ကောက်ခံမှုစနစ်၊ ကုန်သွယ်ရေး၊မြေယာပြုပြင်ပြောင်းလဲရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကို ထိန်းချုပ်ခြင်းစတဲ့ကိစ္စတွေမှာ ထိရောက်တဲ့ မူဝါဒတွေရေးဆွဲအတည်ပြုဖို့ အချိန်ယူရပါမယ်။
ဒါပေမဲ့ အရေးအကြီးဆုံးနဲ့ အချိန်အယူရဆုံးကတော့သံသယတွေနေရာမှာ ယုံကြည်မှုတည်ဆောက်ရတာပဲ ဖြစ်ပါတယ်။
လွှတ်တော်နဲ့ သမ္မတကြား၊ နိုင်ငံရေးပါတီများကြားနဲ့ပြည်သူတွေနဲ့ စစ်တပ်အပါအဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုမရှိဘဲ အောင်မြင်တဲ့ဒီမိုကရေစီစနစ်တစ်ရပ် ဖြစ်မလာနိုင်ပါဘူး။
ယုံကြည်မှုမရှိရင် ဘာဖြစ်မလဲဆိုတာကိုကျွန်မတို့အားလုံးသိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးဖြစ်လို့ပါပဲ။
ရွေးကောက်ပွဲရလဒ်တွေကို လျစ်လျူရှုခဲ့တယ်၊လွတ်လပ်စွာ ပြောဆိုခွင့်ကို ရာဇဝတ်မှုသဖွယ် ဆက်ဆံ ခဲ့တယ်၊ လူနည်းစုအုပ်စုတွေကို နှိပ်ကွပ်ခဲ့တယ်၊ဆရာ၊ ဆရာမတွေကို အမှန်တရားအစား အလိမ်အညာတွေကို သင်ကြားစေခဲ့တယ်၊ ပြီးတော့ အာဏာရှိသူတွေကအာဏာကို အလွဲသုံးပြီး တိုင်းပြည်ဘဏ္ဍာနဲ့ သူတို့ကိုယ်သူတို့ ကြွယ်ဝအောင် လုပ်ခဲ့ကြတယ်။
စစ်မှန်တဲ့ ဒီမိုကရက်တစ်စနစ်မှာတော့ခေါင်းဆောင်တွေက နိုင်ငံသားတွေအတွက် တရားဥပဒေနဲ့အညီ တာဝန်ရှိပါတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေကိုအရပ်သားက ထိန်းချုပ်ရပါမယ်၊ ဘယ်ပါတီက အင်အားကြီး ဖြစ်နေပါစေ အတိုက်အခံရဲ့ အခွင့်အရေးတွေကိုစောင့်ရှောက်ပေးရပါမယ်။
ဒီလို စနစ်တစ်ခုရဲ့ ရွေးကောက်ပွဲမှာနိုင်သူတွေ၊ ရှုံးသူတွေရှိပေမဲ့ ဒီမိုကရေစီ အောင်မြင်ဖို့၊ အထောက် အကူဖြစ်စေဖို့ အားလုံးမှာခံစားခွင့်နဲ့ တာဝန်တွေရှိပါတယ်။
ဒီလို စနစ်တစ်ခုမှာ ယုံကြည်မှုက ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့လည်း ဒီယုံကြည်မှုက လွယ်ကူမယ်လို့မဆိုလိုပါဘူး။
ဘယ်အသိုက်အဝန်းမှာမဆို အထူးသဖြင့် ဒီမိုကရေစီအတွက်အဓိကစိန်ခေါ်မှုတစ်ခုက မတူညီတဲ့ တိုင်းရင်းသား၊ ကိုးကွယ်ရာဘာသာနဲ့ ဘာသာစကားတွေဟာ စည်းလုံးညီညွှတ်မှုအတွက်အခြေခံအုတ်ချပ်တွေ ဖြစ်ပြီး အတားအဆီးတွေ မဟုတ်ဘူးဆိုတာကို သေချာစေဖို့လိုပါတယ်။
အမေရိကန်ပြည်ထောင်စုလိုပဲ သင်တို့တိုင်းပြည်ကတိုင်းသားမျိုးနွယ်စုများစွာနဲ့ ဘာသာပေါင်းစုံတို့ရဲ့ ဌာနီပါ။
အမေရိကလိုပဲ သည်းခံမှုကင်းမဲ့ခြင်း၊အကြမ်းဖက်ခြင်း မဖြစ်ပွားအောင် ကာကွယ်ဖို့ တစ်ခါတရံ ကြိုးပမ်း ရမှာပါ။
နိုင်ငံနယ်နိမိတ်အတွင်းမှာရှိတဲ့သူတိုင်းသိက္ခာရှိရှိ၊ လေးလေးစားစားနဲ့ တရားဥပဒေနဲ့အညီ ညီတူညီမျှ ဆက်ဆံခံရမယ်ဆိုတာကို သေချာစေခြင်းကတိုးတက်မှုရဲ့ လမ်းကြောင်းပဲဖြစ်ပါတယ်။
ကုန်ခဲ့တဲ့ ခြောက်လက သမ္မတ အိုဘားမားဒီတက္ကသိုလ်ကိုလာခဲ့စဉ်က “ဘယ်ပြုပြင်ပြောင်းလဲရေးမဆို အမျိုးသားပြန်လည်သင့်မြတ်ရေးမပါဘဲမအောင်မြင်နိုင်ဘူး” လို့ ပြောခဲ့ပါတယ်။
ပါဝင်သူအားလုံးဟာ တခြားသူတွေရဲ့ အမြင်ကိုနားလည်ဖို့ လိုသလို ညှိနှိုင်းဖို့လည်းလိုပါတယ်။ သဘော ကတော့ ပါဝင်သူအားလုံးဟာ လွတ်လပ်စွာပြောဆိုခွင့်ရှိပြီး နားထောင်ဖို့လည်းတာဝန်ရှိပါတယ်။
အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဒီမိုကရေစီနည်းလမ်းကျ ဖြေရှင်းဖို့တွက် ဉာဏ်ပညာလိုအပ်ပါတယ်။
ပြီးတော့မလိုမုန်းထားခြင်း၊ ခွဲခြားဆက်ဆံခြင်း ဒါမှမဟုတ် နှိပ်ကွပ်ခြင်း အထောက်အထားတစ်စုံတစ်ရာကို လူမှုရေးနဲ့ နိုင်ငံရေးကဏ္ဍတိုင်းက ခေါင်းဆောင်တိုင်းက အတူတကွဆန့်ကျင်ဖို့လည်း လိုအပ်ပါတယ်။
မှန်ကန်စွာတွေးခေါ်၊ ပြောဆို၊ ကိုးကွယ်ခွင့်ကို ကျွန်မတို့ တစ်ဦးချင်းအတွက်ကျွန်မတို့ကိုယ်တိုင် လိုလား ပါတယ်။ ဒါပေမဲ့ ဒီဆန္ဒက ဒီမိုကရေစီကို သက်ဝင်စေတာတော့မဟုတ်ပါဘူး။
တခြားသူတွေရဲ့အခွင့်အရေးတွေကို လေးစားတဲ့ ကျွန်မတို့ရဲ့ သန္နိဋ္ဌာန်နဲ့ ဒီအခွင့်အရေးတွေကိုအပြည့်အဝနဲ့ မျှမျှတတ စောင့်ရှောက်ထိန်းသိမ်းပေးမယ့် အစိုးရတစ်ရပ်ပေါ်မှာဒီမိုကရေစီက တည်မှီနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာဆိုရင်ဒီစည်းမျဉ်းတွေကို ကျွန်မတို့ လက်ခံယုံကြည်ပေမဲ့ အမြဲတစေတော့ မသက်ရောက်ခဲ့ပါဘူး။
တစ်ချိန်တုန်းကဆိုရင်သူ့ရဲ့ အသားရောင်ကြောင့် သမ္မတအိုဘားမားကို မဲပေးခွင့်မပေးခဲ့တဲ့ကာလမျိုး ရှိခဲ့သလိုကျွန်မရဲ့လိင်ကြောင့်လည်း ကျွန်မကို မဲပေးခွင့်မပြုခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။
ဘာသာရေးအရ လူနည်းစုဖြစ်သူတွေကိုနှိပ်ကွပ်တဲ့ အချိန်ကာလ၊ ကျယ်ပြန့်တဲ့ အသားအရောင်ခွဲခြားမှု အချိန်ကာလနဲ့ ကျေးကျွန်ခွဲခြားဆက်ဆံမှုကြောင့်ကာလရှည်ကြာဖြစ်ပွားခဲ့ပြီး သွေးစွန်းခဲ့တဲ့ ပြည်တွင်းစစ်ကာလ တို့ကို အမေရိကမှာကြုံတွေ့ခဲ့ဖူးပါတယ်။
အခက်အခဲတွေကြားမှာအမေရိကန်ပြည်ထောင်စု လွတ်မြောက်ပြီး ရှင်သန်လာတာဟာ ကျွန်မတို့ရဲ့ အမှားတွေကနေကျွန်မတို့ သင်ယူနိုင်ခဲ့ပြီး ဒီမိုကရေစီရဲ့ ကတိကဝတ်တွေဖြစ်တဲ့တူညီတဲ့အခွင့်အရေးနဲ့ အခွင့်အလမ်းတွေနဲ့အညီ နေထိုင်နိုင်အောင်ကျွန်မတို့ကြိုးစားခဲ့တဲ့အတွက်ကြောင့်ပါ။
သင်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာလည်း အထင်ကြီးစရာကောင်းပြီးကြံ့ကြံ့ခံတဲ့ ဒီမိုကရေစီကို ချီတက်ရာမှာ မတူကွဲပြားတာတွေကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့တဲ့ နောက်နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။
အနောက်ဘက်ကိုကြည့်ရင်လည်း တောင်အာဖရိကနိုင်ငံဆိုရင် လူမျိုးရေးခွဲခြားမှုစနစ်ကနေ ရွေးချယ်တင်မြှောက်တဲ့ အစိုးရစနစ်ဆီ အံ့သြဖွယ်အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်။
ဥရောပအလယ်ပိုင်းမှာဆိုရင်လည်းကွန်မြူနစ်စနစ်ကြောင့် နှစ်ပေါင်း ၄၀ နောက်ကျနေခဲ့တဲ့ တိုင်းပြည် တွေဟာပြန်လည်ရှင်သန်ပြီး ကြီးမားအောင်မြင်လာခဲ့ပါတယ်။
ဒါပေမဲ့လွန်ခဲ့တဲ့ ၁၈နှစ်က ကျွန်မ ရန်ကုန်ကို ရောက်တဲ့အချိန်မှာ သင်တို့ရဲ့စစ်တပ်ခေါင်းဆောင်တွေက သူတို့ရဲ့ အာဏာရှင်စနစ်သာ ထိပ်ပိုင်းမှာ ခိုင်ခိုင်မာမာမရှိခဲ့ရင် သင်တို့ရဲ့ အသိုက်အဝန်းဟာ ပြိုလဲသွားခဲ့လိမ့်မယ် လို့ သူတို့ကကျွန်မကို အခိုင်အမာ ပြောခဲ့ကြပါတယ်။
ဒီလိုအကြောင်းပြချက်တွေကို အကြိမ်အများကြီး ကျွန်မကြားခဲ့ပါတယ်။
တကယ်တော့ မတူကွဲပြားမှုတွေရှိနေတဲ့တိုင်းပြည်မှာလွတ်လပ်မှုဆိုတာဟာ မဖြစ်နိုင်ဘူး၊ ဆင်းရဲတဲ့ နိုင်ငံ တစ်ခုက ပြည်သူတွေဟာ သူတို့ဘာသာဆုံးဖြတ်ချက်ချမှတ်ဖို့ မယုံကြည်လောက်ဘူး၊ တချို့ပြည်သူတွေက ဒီမိုကရေစီစနစ်အတွက် အဆင့်သင့်မဖြစ်သေးဘူးဆိုပြီးပြောတဲ့လူတွေ အမြဲပဲ ရှိပါတယ်။
ကျွန်မရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ကတော့ဒီမိုကရေစီအတွက် အဆင့်သင့်မဖြစ်သေးတဲ့လူဆိုလို့ ဘယ်သူမှ မရှိဘူး ဆိုတာပါပဲ။
မကြာသေးခင်လတွေတုန်းက သင်တို့နိုင်ငံမှာရှိတဲ့မူဆလင်လူထုအပေါ်မှာ အကြမ်းဖက်တယ်ဆိုတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။
နေအိမ်တွေ မီးလောင်တာ၊ ဗလီတွေ ဖျက်ဆီးခံရတာ၊ဘာသာရေးစာသင်ကျောင်းတွေ တိုက်ခိုက်ခံရတာ၊ လူ့အသက် ဆုံးရှုံးရတာတွေအကြောင်း သတင်းတွေကိုကမ္ဘာက တွေ့မြင်ခဲ့ကြရပါတယ်။
ဘာသာ ဒါမှမဟုတ် လူမျိုးစုအပေါ်မှာ အခြေခံပြီးအခုလို ဆန့်ကျင်အကြမ်းဖက်တာမျိုးကို လက်မခံ နိုင်ဘူးလို့ သင်တို့လည်း သဘောတူကြလိမ့်မယ်ဆိုတာကျွန်မ အသေအချာ သိပါတယ်။
အပြစ်ကျူးလွန်တဲ့သူတွေကို တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရပါမယ်။
ကူရာကယ်ရာမဲ့ ပြည်သူတွေကို လုံခြုံမှုရှိအောင်ကာကွယ်ပေးရပါမယ်။
ပြီးတော့ ပါတီတိုင်း၊ အဖွဲ့တိုင်းရဲ့ခေါင်းဆောင်များအနေနဲ့ ဘာသာရေး၊ လူမျိုးရေးတို့နဲ့ ပတ်သက်ပြီး သည်းမခံတဲ့ စိတ်တွေပေါ်အောင်လှုံ့ဆွတာတွေကို ကြိုးစားပြီး တားဆီးကြရပါမယ်။
ဒါဟာ မရှိမဖြစ်တဲ့ အရှိတရားပါ။ ဘာကြောင့်လဲဆိုတော့လူမှုရေး ငြိမ်းချမ်းတည်ငြိမ်မှုမရှိရင် ကမ္ဘာကြီးက သင်တို့နိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမှာ မဟုတ်လို့ပါဘဲ။
နောက်ပြီး ဒါဟာ စိတ်ဓာတ်ပိုင်းအရလည်းမရှိမဖြစ်တဲ့ကိစ္စပါ။  ဘာဖြစ်လို့လဲဆိုတော့ အပြစ်မဲ့တဲ့ပြည်သူတွေကို အကြောက်တရားအောက်မှာ ဘယ်လိုနည်းနဲ့မှ မနေစေသင့်လို့ပါဘဲ။
ကုန်ကုန်ပြောရရင်တော့ ဒီမိုကရေစီရှိတဲ့နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေ ကိုယ်တိုင်က ဒီလိုအန္တရာယ်တွေကို ဆန့်ကျင်ရမယ့်အပြင် သူတို့ဟာဘယ်လိုနိုင်ငံမျိုးမှာ နေချင်တာလဲ၊ သူတို့နိုင်ငံကို ဘယ်လိုမူတွေပေါ်မှာ အခြေခံချင်တာလဲဆိုတာတွေကိုလည်း ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။
နယ်လ်ဆင်မင်ဒဲလားရဲ့ စကားအတိုင်း ပြောရရင်“ကျွန်တော်တို့ရဲ့ ဘုံလူသားဝါဒဟာ နယ်နိမိတ်အားလုံး ကို ဖြတ်ကျော်သွားပါတယ်၊ ဒီဟာက နိုင်လိုမင်းထက်ပြုမူတဲ့အာဏာရှင်ကို ဆန့်ကျင်ခြင်းဆိုတဲ့ ဘုံအရေးကိစ္စမှာ ကျွန်တော်တို့အားလုံးကို စည်းနှောင်မိစေပါတယ်၊တခြားတစ်ယောက်ယောက် ဖိနှိပ်ညှဉ်းပန်းခံနေရတဲ့အချိန်မှာခင်ဗျားတို့ ဘာလုပ်နေလဲဆိုတာမျိုး ကျွန်တော်တို့ကို ဘယ်တော့မှ အမေးမခံရပါစေနဲ့”
ဒီအကြောင်းတွေကို အလေးထားပြောရတာဟာသင်တို့ရဲ့ နိုင်ငံကို ကျွန်မက အပြစ်တင်ချင်တဲ့ဆန္ဒနဲ့ ပြောတာ မဟုတ်ပါဘူး။ သင်တို့ရဲ့ဒီမိုကရေစီကို ရှင်သန်ကြီးရင့်စေချင်လို့ပါ။
အခုအထိ အတောအတွင်းမှာ ဘယ်လောက်တိုးတက်မှုရှိအောင်ဆောင်ကြဉ်းခဲ့ကြပြီလဲဆိုတာ၊ နိုင်ငံရှေ့ကို ချီတက်ဖို့အတွက် ဘာတွေထပ်ပြီး လုပ်ဖို့လိုအပ်နေသေးသလဲဆိုတာတွေကို အပြင်က လူတွေထက် သင်တို့က ပိုသိကြမှာပါ။
စောစောတုန်းက သည်းခံကြဖို့ ကျွန်မ အလေးပေးပြီးပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ တရား လွန်တော့ သည်းမခံကြပါနဲ့။
ဒီမိုကရေစီ အမြစ်တွယ်ဖို့အတွက် အချိန်လိုပါတယ်။ဒါပေမဲ့ ဒီမိုကရေစီ အောင်မြင်ဖို့အတွက် အချိန်ကို လိမ္မာပါးနပ်စွာ အသုံးချရပါမယ်။
နိုင်ငံတွင်း စည်းချက်ညီမှုကို ထိန်းထားဖို့၊ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့၊ အုပ်ချုပ်ရေးဆိုင်ရာ အင်စတီ ကျူးရှင်းတွေကို မြှင့်တင်ဖို့၊လူ့အဖွဲ့အစည်းကို ချဲ့ထွင်ဖို့၊ မှန်ကန်တဲ့ ဦးစားပေးအစီအစဉ်တွေကို ချမှတ်ဖို့၊ပြုပြင် ပြောင်းလဲမှု စိတ်ကူးတွေကနေ တည်ငြိမ်တဲ့၊ ခေတ်မီတဲ့၊ ကြီးပွားချမ်းသာတဲ့၊အေးချမ်းတဲ့နိုင်ငံ တကယ်ဖြစ်လာ အောင် ကူညီဖို့ သင်တို့အနေနဲ့ နေ့စဉ်တစ်လှမ်းချင်းတက်လှမ်းသွားကြရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာအဲဒါဟာ လူတိုင်းရဲ့အလုပ်၊ လူတိုင်းရဲ့တာဝန်ပါ။
တခြားဘယ်သူကမှလာလုပ်မပေးနိုင်ပါဘူး။
ဒါပေမဲ့အခုလိုဆိုလိုက်လို့ သင်တစ်ယောက်တည်း အထီးကျန်လို့ ဆိုချင်တာ မဟုတ်ပါဘူး။
အမေရိကန်ပြည်ထောင်စုကကူညီနိုင်ပါတယ်။ အလားတူ အာရှ၊ ဥရောပနဲ့ ကမ္ဘာတစ်လွှား တခြားနေရာ တွေကမိတ်ဆွေများကလည်း ကူညီနိုင်ပါတယ်။
ဆက်သွယ်ရေးလို၊အင်ဂျင်နီယာလို၊ စိုက်ပျိုးရေးလို၊ ကျန်းမာရေးလို၊ ဥပဒေလို နယ်ပယ်တွေမှာကျွန်မတို့က လေ့ကျင့်သင်ကြားပေးမှုတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ ကူညီပေးနိုင်ပါတယ်။
အလုပ်အကိုင်တွေဖန်တီးပေးတဲ့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့၊ လုပ်သားများရဲ့ အခွင့် အရေးကိုလေးစားတဲ့၊ စည်ပင်ဝပြောမှုဖြစ်ထွန်းစေပြီး လူ့အလွှာတိုင်းမှာ အကျိုးကျေးဇူးရှိစေတဲ့ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျွန်မတို့က အားပေးနိုင်ပါတယ်။
သင်တို့ဆီကအင်စတီကျူးရှင်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ ကျွန်မတို့က အစိုးရချင်း၊လွှတ်တော်ချင်း၊ ပါတီချင်း ထိတွေ့ဆွေးနွေးနိုင်ပါတယ်။
သင်တို့ဆီကအနာဂတ်ခေါင်းဆောင်ဖြစ်လာမယ့် ပုဂ္ဂိုလ်တွေကို ကျွန်မတို့နိုင်ငံတွေမှာ လာပြီး လေ့လာသင်ယူဖို့ ဖိတ်ခေါ်နိုင်သလိုပဲ ကျွန်မတို့ဆီက လူငယ်ပညာရှင်တွေကိုလည်း သင်တို့ဆီကနေသင်ယူဖို့ စေလွှတ် နိုင်ပါတယ်။
သင်တို့ရဲ့နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေမှာ ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍကပါဝင်လာအောင် အမျိုးသမီးတွေကို ကျွန်မတို့က အားပေးနိုင်ပါတယ်။
အရေးအကြီးဆုံးအနေနဲ့ကျွန်မတို့ကိုယ်ပိုင် ဒီမိုကရေစီစနစ်တွေကို တည်ဆောက်တာမှာ ရခဲ့တဲ့သင်ခန်းစာ တွေကိုကျွန်မတို့က ဝေမျှနိုင်ပါတယ်။ ဘာတွေကတော့ အလုပ်ဖြစ်တယ်၊ ဘယ်အမှားတွေကတော့ သင်တို့ ရှောင်ရှားသင့်တယ်ဆိုတာမျိုးပေါ့။
သင်တို့နိုင်ငံအနာဂတ်ကို မျှော်ကြည့်တဲ့အခါ သင်တို့မှာ မျှော်လင့်စရာ အကြောင်းချင်းရာတွေအများကြီးပါ။
သင်တို့ရဲ့ဒီမိုကရေစီဟာ နုနယ်သေးတယ် ဆိုပေမဲ့ အများကြီးတိုးတက်လာခဲ့ပါပြီ။
သင်တို့ရဲ့မြေမှာ သဘာဝသယံဇာတတွေ ပေါကြွယ်လှပါတယ်။
သင်တို့ဟာကမ္ဘာ့စီးပွားရေးမှာ အဓိက အရေးပါလာတဲ့ ဒေသရဲ့ အစိတ်အပိုင်းတစ်ခုပါ။
သင်တို့မှာပညာသင်ကြားခြင်းကို မြင့်မြင့်မားမား တန်ဖိုးထားတဲ့ ယဉ်ကျေးမှုရှိပါတယ်။
ပြီးတော့သင်တို့မှာ ခေါင်းဆောင်မှုကောင်း အမွေအနှစ်တွေလည်း ရှိပါတယ်။
လွန်ခဲ့တဲ့နှစ် ၆၀ လောက်တုန်းက မြန်မာအစိုးရက နိုင်ငံတကာ နားလည်မှု၊ တန်းတူညီမျှမှုနဲ့ လူ့အခွင့် အရေးတို့ကိုထောက်ခံတဲ့ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ဖို့အတွက် အာရှနဲ့ အာဖရိကနိုင်ငံများကိုပေါင်းစည်း မိစေခဲ့တဲ့ သမိုင်းဝင် ဘန်ဒေါင်းညီလာခံကို ဦးစီးဦးရွက်ပြုခဲ့တဲ့နိုင်ငံငါးနိုင်ငံထဲမှာ တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါတယ်။
အဲဒီညီလာခံရဲ့အတွင်းရေးမှူးဟာဒီနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ဒီတက္ကသိုလ်ကပဲ ဘွဲ့ရခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ် အလောင်းအလျာဖြစ်ပြီး လူသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် စိတ်အားထက်သန်စွာ ပြောဆိုခဲ့တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
ဒီကနေ့ဒီအခန်းထဲကို ဝေ့ကြည့်လိုက်တဲ့အခါ ကျွန်မတို့ထဲမှာ အနာဂတ်ဦးသန့်တစ်ယောက်ရှိနေတယ် ဆိုရင်ကျွန်မ မအံ့သြပါဘူး။ တကယ်တော့ လူငယ်အမျိုးသား၊ အမျိုးသမီးတွေဟာ ဒီနိုင်ငံမှာသာမကတခြား နေရာများမှာပါ လွတ်လပ်မှုတန်ဖိုးတွေ ခိုင်မာစေရေးနဲ့ အပြန်အလှန်လေးစားမှုရှိရေးတို့ကို သမိုင်းဝင်ဆောင်ရွက် ကြမယ့် ပုဂ္ဂိုလ်တွေပါ။
ဒီတော့နိဂုံးချုပ်အနေနဲ့ သင်တို့ဟာ သင်တို့ရဲ့ နိုင်ငံကို သက်ဦးဆံပိုင် အုပ်ချုပ်ရေးကနေမျှော်လင့်ချက် ခေတ်သစ်တစ်ခုဆီကို ရောက်အောင် လုပ်ဆောင်ခဲ့ကြတဲ့အတွက် သင်တို့ကိုချီးကျူးဂုဏ်ပြုပါတယ်လို့ ပြောပါရစေ။
ခိုင်မာပြီးတာရှည်ခံတဲ့ ဒီမိုကရေစီတစ်ရပ်ကို ဖန်တီးဖို့အတွက် သင်တို့ အခုလုပ်ဆောင်နေတာတွေနဲ့အနာဂတ်မှာ လုပ်ဆောင်မှာတွေအတွက်ကို သြဘာပေးလိုက်ပါတယ်။
ပြီးတော့အခုနေ့လယ်ခင်းမှာ နွေးထွေးစွာ ကြိုဆိုပြီး ကြင်နာစွာနဲ့အာရုံစိုက်နားထောင်ပေးခဲ့တဲ့ အတွက်လည်း အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Saturday, June 8, 2013

F. W. de Klerk လွတ်မြောက်မှုအတွက် လမ်းညွှန်တခု

သူ့အတွေး သူ့အမြင်- လွတ်မြောက်မှုအတွက် လမ်းညွှန်တခု


တောင်အာဖရိကနိုင်ငံမှာ ကျနော်တို့ သင်ခန်းစာထုတ်ယူနိုင်ခဲ့တဲ့ အချက်တချို့ကို ဒီမှာ တင်ပြချင်ပါတယ်။ ဒီမိုကရေစီ အကူးအပြောင်း လုပ်ဆောင်နေကြတဲ့၊ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေကြတဲ့၊ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးအတွက် မျှော်လင့်ချက်ထားကြတဲ့ လူထုတွေရဲ့ လူ့ဘ၀ အရည်အသွေး တိုးတက်မြင့်မားလာစေဖို့ ရည်မှန်းချက်ထားကြတဲ့၊ ဒီမိုကရေစီကို ချီတက်နိုင်ဖို့ လူထုတွေဆီကို လွတ်မြောက်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ တခြား ကမ္ဘာ့နိုင်ငံအားလုံးအတွက်  ဒီသင်ခန်းစာတွေက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ကျနော် လေ့လာတွေ့ရှိခဲ့ရတဲ့ သင်ခန်းစာအားလုံးကို အကျယ်တ၀င့် ပြန်ပြောပြဖို့ အချိန်တော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်က အချက် ၅ ခုတော့ ပြောလိုပါတယ်။




ပထမ အချက်အနေနဲ့ အကယ်၍ ခင်ဗျားတို့က အကြမ်းဖက်မှု သံသရာစက်ဝန်းကို ချိုးဖျက်ချင်တယ် ဆိုလို့ရှိရင်၊ အကယ်၍ ခင်ဗျားတို့က ပိုလို့ ကြွယ်ဝချမ်းသာတဲ့ လူမှုအဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်ကို ချချင်တယ် ဆိုလို့ရှိရင်၊ အကယ်၍ ခင်ဗျားတို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချင်တယ် ဆိုလို့ရှိရင်၊ အခြေခံကျတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်လုပ်သူတွေက အရင်ဆုံး လက်ခံ သဘောပေါက်ဖို့ လိုပါတယ်။
တောင်အာဖရိကမှာ ဒီလို ဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ ကျနော်နဲ့ အမျိုးသားပါတီ (National Party) ထဲက လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တွေ လက်ခံ သဘောပေါက်ခဲ့ကြပါတယ်။ ကျနော်တို့က အသားအရောင် ခွဲခြားရေးစနစ်ကို ပြုပြင်မွမ်းမံနေလို့ မရတော့ပါဘူး။ ဒီစနစ်ကို လူတွေ ပိုမိုလက်ခံလာအောင်ဆိုပြီး လုပ်လို့ မရတော့ပါဘူး။ ခွဲခြား နေထိုင်ရမယ်ဆိုတဲ့ အမြင်၊ အယူအဆကို ကျနော်တို့က စွန့်လွှတ်ပြီး အတူတကွ နေထိုင်ရမယ်ဆိုတဲ့ မျှော်မြင်ချက်ကို ပွေ့ပိုက်လက်ခံဖို့ လိုအပ်ပါတယ်။ တစုတစည်းတည်းသော ညီညွတ်တဲ့ တောင်အာဖရိက နိုင်ငံဆိုတာမျိုးပါ။ အားလုံးအတွက် တန်းတူညီမျှ အခွင့်အရေးရှိပြီး ခွဲခြားဆက်ဆံမှုတွေ နိဂုံးချုပ် အဆုံးသတ်ရပါမယ်။ ဒါပေမယ့် ကိုလိုနီစနစ် ဖျက်သိမ်းရေးကို အလျင်အမြန် လုပ်ဆောင်လိုက်လို့ မတည်ငြိမ်မှု အရှုပ်အထွေး ပြဿနာတွေကြားထဲ ကျန်အာဖရိက နိုင်ငံတွေ ကျရောက် ခဲ့ရပါတယ်။ အဲဒီ အခြေအနေတွေ ကနေတဆင့် အာဏာရှင်တွေ၊ စစ်ဝါဒီတွေ လက်အောက် နောက်ထပ် ကျရောက်ခဲ့ပါတယ်။ အဲဒီလို အခြေအနေမျိုး မဖြစ်ရလေအောင် ကျနော်တို့ တောင်အာဖရိက နိုင်ငံအနေနဲ့ သေချာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဆိုလိုတာက အခြေခံကျကျ ပြောင်းလဲရတော့မယ်လို့ ကျနော်တို့က လက်ခံ သဘောပေါက်ပါတယ်။ ၁၈၀ ဒီဂရီ အချိုးအကွေ့ကို လှည့်ပြောင်းရတော့မှာပါ။ အလားတူပဲ သမ္မတ မင်ဒဲလားနဲ့ အာဖရိကန် အမျိုးသား ကွန်ဂရက် (ANC) က ခေါင်းဆောင်ပိုင်းတွေကလည်း သူတို့အနေနဲ့ တော်လှန်စစ်ကို ဆင်နွှဲလို့ မအောင်မြင်နိုင်ဘူး ဆိုတာကို လက်ခံလာရပါတယ်။ အင်အားသုံးပြီး အာဏာရရေး လုပ်ဆောင်မယ်ဆိုတဲ့ အမြင်ကို စွန့်လွှတ်ကြပြီး ဒီမိုကရေစီ နည်းလမ်းနဲ့ အာဏာရယူမယ်ဆိုတာ လက်ခံလာကြရပါတယ်။
ကျနော်တို့က ညှိနှိုင်း အပေးအယူ လုပ်ခဲ့ရပါတယ်။ နှစ်ဖက်စလုံးက လုပ်လည်းလုပ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ရလဒ်အနေနဲ့ နောက်ပိုင်း ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါကြောင့် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်တွေ လက်ခံလာအောင် အရင်ဆုံး လုပ်ရပါမယ်။
ဒုတိယ အချက်အနေနဲ့ အင်အားစုအားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကနေ ပေါ်ထွက်လာတဲ့ သဘောတူညီမှုတွေကို အခြေခံမှသာ ဘယ်လို နိုင်ငံရေးစနစ်သစ်မျိုးမဆို အောင်မြင်ကြမှာပါ။ “အင်အားစု အားလုံး ပါဝင်တဲ့” တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆိုတာကို  ဒီနေရာမှာ ဘာ့ကြောင့် ကျနော် အလေးပေး ဖော်ပြရတာပါလဲ။ ပဋိပက္ခ အများစုမှာ အင်အားစု အများအပြားက အကြောင်းအချက် အမျိုးမျိုးနဲ့၊ စိုးရိမ်ပူပန်ချက် အမျိုးမျိုးနဲ့၊ မျှော်မြင်လိုလားချက် အမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေကြပါတယ်။
အားလုံးက တညီတညွတ်တည်း လက်ခံတဲ့ သဘောတူညီမှုကို ရယူနိုင်ပါမှ၊ “အခြေခံ ဥပဒေအသစ်ကို ငါတို့ပိုင်တယ်။ စေ့စပ်ညှိနိုင်းပြီး ရလာတဲ့ သဘောတူညီချက်တွေထဲက အခြေခံမူတွေကို ငါတို့ပိုင်တယ်” လို့ ပြောတဲ့ ပြည်သူအများစု ပါဝင်တဲ့ သဘောတူညီချက်ဖြစ်ပါမှ အဲဒီသဘောတူညီချက်က ရေရှည်တည်တံ့ခိုင်မြဲမှာပါ။
ဒီအချက်ကနေ ကျနော် တတိယအချက်ကို ဆွဲယူဖော်ပြလိုပါတယ်။ အဲသလို ညှိနှိုင်းဆွေးနွေးပွဲတွေမှာ၊ ညှိနှိုင်းဆွေးနွေးပွဲတွေ ကနေရလာတဲ့ သဘောတူညီချက်တွေမှာ ပဋိပက္ခထဲ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေရဲ့ ကျိုးကြောင်း ဆီလျော်တဲ့ စိုးရိမ်ပူပန်ချက်တွေ၊ မျှော်မြင်လိုလားချက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပေးရပါမယ်။  ဆိုလိုတာက အင်အားစု အားလုံးက အနစ်နာခံ ပေးဆပ်ရမယ်။ ဆိုလိုတာက ညှိနှိုင်းဆွေးနွေးပွဲတွေကနေ အောင်မြင်သူနဲ့ ရှုံးနိမ့်သူဆိုပြီး ပေါ်ထွက်တာမျိုး မဖြစ်စေရပါဘူး။
ကျနော် ဆိုလိုချင်တာက ပါဝင်တက်ရောက်ကြသူ အင်အားစု အားလုံးအနေနဲ့ သူတို့ရဲ့ အရေးကြီး ကိစ္စရပ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်ပယ်တွေမှာ ပြန်လည် ဆွေးနွေးတင်ပြနိုင်အောင် အချိန် လုံလုံလောက်လောက် ရဖို့လိုအပ်ပါတယ်။ “ကျနော်တို့က ကိစ္စရပ် က၊ ခ၊ ဂ တွေမှာ အလျှော့ပေးရမယ်။ ဒါပေမယ့် ကျနော်တို့က ကိစ္စရပ်  ဃ၊ င နဲ့ စ မှာတော့ ပြန်ရ စရာရှိပါတယ်။ ကိစ္စရပ် ဃ၊ င နဲ့ စ တွေက ကျနော်တို့အတွက် အလွန် အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့က က၊ ခ နဲ့ ဂ ကို စွန့်လွှတ်လိုက်ကြရအောင်” စသည်ဖြင့် ပြန်ရှင်းပြနိုင်စေရပါမယ်။
တောင်အာဖရိက နိုင်ငံမှာတော့ ဒီလို ဖြစ်ခဲ့ပါတယ်။ မလုပ်ချင်ဘဲနဲ့ လုပ်ခဲ့ရတဲ့ ရင်နာစရာ အလျှော့ပေးမှုတွေကို နှစ်ဖက်စလုံးက လုပ်ခဲ့ရပါတယ်။ ၀မ်းနည်းကြေကွဲဖွယ် ကောင်းတာက ဆွေးနွေးငြင်းခုန်မှု အသစ်တခုကို ပြီးခဲ့တဲ့ လအနည်းငယ်မှာ ANC က စတင်လုပ်လာတာပါ။ သူတို့က ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်တွေမှာ ရရှိထားခဲ့တဲ့ သဘောတူညီချက်တွေကို ပြန်လို့ စိစစ်သုံးသပ် ချင်တယ်လို့ဆိုပါတယ်။ ဒီကိစ္စက စိတ်အနှောက်အယှက် ဖြစ်ဖွယ်ပါ။ ကျနော်တို့ရဲ့ တည်ကြည်စွာ ချုပ်ဆိုထားတဲ့ သဘောတူ ညီချက်တွေရဲ့ အခြေခံ အုတ်မြစ်တွေကို ပြန်တူးဆွ တိုက်ခိုက်ချင်၊ မေးခွန်းထုတ်ချင် နေကြတာပါ။ ဒီသဘောတူညီချက်တွေကြောင့်ပဲ တောင်အာဖရိက နိုင်ငံသစ် တည်ထောင် နိုင်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီလို မေးခွန်းထုတ် တိုက်ခိုက်နေတာက သီးခြားကိစ္စပဲ ဖြစ်ပြီး သီးခြား ရည်ရွယ်ချက်တွေ ရှိနေပါတယ်။။
ကျနော် ထောက်ပြလိုတဲ့ အချက်ကတော့ တွေ့ဆုံညှိနှိုင်းမှုတွေမှာ အပေးအယူ ရှိကြရပါမယ်။ လူတိုင်းက နာကျင်မှုတွေလည်း ခံစားကြရပါမယ်။ ဒါပေမယ့် လူတိုင်းဟာလည်း အခု တွေ့ဆုံဆွေးနွေးမှု တွေကတဆင့် ကျေနပ်အားရမှု တစုံတရာလည်း ခံစားရရှိကြရပါလိမ့်မယ်။
စတုတ္ထအချက်ကတော့ ညီညွတ်မှုနဲ့ မတူကွဲပြားမှု နှစ်ခုကြားထဲမှာ မျှတတဲ့ အခြေအနေတခုကို ရအောင် ယူနိုင်ဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဒီနေ့ ပဋိပက္ခအများစုကို စဉ်းစားကြည့်လိုက်ပါ။ အများစုက နိုင်ငံတွေ အချင်းချင်းကြားမှာ ဖြစ်နေကြတာ မဟုတ်ဘဲ နိုင်ငံတခုထဲမှာ နေထိုင်နေကြတဲ့ ပြည်သူအချင်းချင်းကြားမှာ ဖြစ်ပွားနေတာပါ။ အခုကာလမှာ နိုင်ငံတခုနဲ့ တခုအကြား၊ အမျိုးသားအစိုးရ တခုနဲ့တခုအကြား ဖြစ်တဲ့ စစ်ပွဲတွေက သိပ်မရှိတော့ပါဘူး။
(၂၀၁၁ ခုနှစ်အတွင်း) မကြာသေးခင်က လေ့လာမှုတခုအရ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု အပြင်းအထန်ဆုံး ပဋိပက္ခ ၂၅ ခု အနက် ၂ ခုကပဲ နိုင်ငံတခုနဲ့ တခုအကြား ဖြစ်တာပါ။ ပဋိပက္ခ ၂၃ ခုက နိုင်ငံနယ်နိမိတ် တခုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အချင်းချင်းကြားမှာ ဖြစ်ကြတာပါ။ ဘာသာစကား ယဉ်ကျေးမှု သမိုင်းနောက်ခံ အများစုတူတဲ့ နိုင်ငံသားတွေ အချင်းချင်းကြားထဲမှာ ဖြစ်ပွားကြတာပါ။
ကွဲပြားခြားနားမှုကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ၊ ဘယ်လို စီမံခန့်ခွဲကြမလဲ ဆိုတာကတော့ ခက်ခဲတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့က ပြဿနာတွေကို ဖြေရှင်းချင်တယ် ဆိုရင်တော့၊ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတခုမှာ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးချင်တယ် ဆိုရင်တော့ ညီညွတ်မှု (နိုင်ငံတခုလုံးသဘော) နဲ့ ကွဲပြားခြားနားမှု (နိုင်ငံတခု ဖြစ်ပေါ်စေရန် ဖန်တီး တည်ဆောက်ပေးထားတဲ့ အုပ်စုများ) အကြား မျှတတဲ့ အခြေအနေတခုကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
သူတို့ကို ကွက်ချန် ပစ်ပယ်ထားတယ် ဆိုတာမျိုး အရေးကြီးတဲ့ တိုင်းရင်းသား လူနည်းစုတွေ စိတ်ထဲ ခံစားစေလို့ မဖြစ်ပါဘူး။ သူတို့က နိုင်ငံတခုလုံးကို တည်ဆောက်ဖို့ အရေးကြီးတဲ့ မဲဆန္ဒနယ် အစိတ်အပိုင်းတွေလို့ အသိအမှတ် ပြုကြရပါမယ်။
နောက်ပြီးတော့ အထက်ဖော်ပြပါ အချက်အားလုံးအပြင် အကြမ်းဖက် ပဋိပက္ခတွေက လွန်မြောက်လာတဲ့ နိုင်ငံတွေအနေနဲ့  ပြဿနာတွေကို ဖြေရှင်းဖို့ ဖော်မြူလာ (ဆေးနည်းကား) လိုပါတယ်။ တောင် အာဖရိကမှာတော့ အဲဒီ ပြဿနာတွေကို နိုင်ငံရေးဆိုင်ရာ ရာဇ၀တ်မှုများလို့ ခေါ်ဆိုကြပါတယ်။ တဦးချင်း တယောက်ချင်း ချမ်းသာကြွယ်ဝဖို့ ကျုးလွန်ကြတာ မဟုတ်ဘဲ မြင့်မြတ်တယ်လို့ ယုံကြည်တဲ့ကိစ္စတခု အရေးတော်ပုံ တခုအတွက် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ကျူးလွန်ကြတဲ့ ရာဇ၀တ်ပြစ်မှုတွေပါ။
အောင်မြင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ မဖြစ်အောင် ပိတ်ဆို့ ဟန့်တားနေတဲ့ ကြီးမားတဲ့ အကြောင်းကိစ္စတခု နိုင်ငံအများစုမှာ ရှိတတ်ပါတယ်။ ဒီကိစ္စက အခြေအနေတွေကို ပြောင်းလဲလာစေဖို့ ဒီမိုကရေစီကို ပြောင်းလဲဖို့ ပိုမိုလွတ်လပ်တဲ့ အခြေအနေကို ဖန်တီးဖို့ ခေါင်းဆောင်တွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ စတင် မလုပ်ဆောင်နိုင်အောင် တားဆီးထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီကိစ္စကို မေးခွန်း ၂ ခုနဲ့ အကျဉ်းချုပ် ဖော်ပြနိုင်ပါတယ်။ “အကယ်၍ ငါသာ အာဏာ လက်လွတ်သွားခဲ့ရင် ငါ ထောင်ကျမှာလား၊ ငါ့ကို လက်စားချေကြမှာလား” ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
ဇင်ဘာဘွေမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေက ရောဘတ် မူဂါဘီကို ၀ိုင်းဝန်းကျားကန် ပေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အစိုးရလက်ထက်မှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ဆောင်ရွက်ထားခဲ့တဲ့ ကိစ္စတွေအတွက် သူတို့ကို ပြန်လည် လက်စားချေမလားလို့ စိုးရိမ်နေကြပါတယ်။ အခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်ပျက်ကြတာပါပဲ။ ဒါကြောင့်မို့လို့ ခင်ဗျားတို့က ဖော်မြူလာ (ဖော်နည်းကား) တခုကို ရှာဖွေဖို့ လိုအပ်ပါတယ်။ တောင်အာဖရိက အနေနဲ့တော့ အတိုင်းအဆ ကြီးမားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဖော်မြူလာကို ချမှတ်ဆောင် ရွက်ခဲ့ပါတယ်။ အမှန်ပြောရရင် ကျနော်လိုလားတဲ့ အခြေအနေထက်တောင် ကျော်လွန်သွားခဲ့ပါတယ်။
ANC အဖွဲ့က လွတ်ငြိမ်းချမ်းသာခွင့်ကို ပြစ်မှုရဲ့ ကြီးလေးမှု အတိုင်းအတာ မခွဲခြားဘဲ ပေးရမယ်လို့ အတင်းအကျပ် တိုက်တွန်းပါတယ်။ ကျနော်ကတော့ နမီးဘီးယားနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ နိုဂါ့ဒ်မူ (Norgaard principles) ကို သဘောကျပါတယ်။ သူတို့က လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြုပေးပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် သွေးအေးအေးနဲ့ လူသတ်တဲ့ ကိစ္စမျိုးတွေ၊ လုပ်ကြံသတ်ဖြတ်မှုမျိုးတွေ၊ မုဒိမ်းကျင့်တာတွေ၊ အလားတူပြစ်မှုတွေ အကြုံးမ၀င်ပါဘူး။ စစ်ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေရဲ့ ဘောင်ကိုကျော်တဲ့ လုပ်ရပ်မျိုးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းဆိုတာက မမှန်ကန် မမျှတနိုင်ပါဘူး။
သမ္မတ မင်ဒဲလားနဲ့ သူ့ရဲ့အဖွဲ့ကို ရင်နာနာနဲ့ အပေးအယူပြုခဲ့ရတဲ့ ကိစ္စတခုကို ကျနော် ပြန်ပြီး အမှတ်ရနေပါသေးတယ်။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့ လူသတ်သမားတဦး၊ လူအများ ထိုင်နေကြတဲ့ သောက်စားနေကြတဲ့ စားသောက်ဆိုင် ဘားတခုထဲကို လက်ပစ်ဗုံးပစ်သွင်းခဲ့တဲ့ လူသတ်သမားတဦးကို ကျနော်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရတဲ့ကိစ္စပါ။ သူ့လုပ်ရပ်ကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ကျနော်တို့က လူဖြူတဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း သဘောတူညီခဲ့ရပါတယ်။ သူက ဘတ်စကားပေါ်က လူတွေကို ရိုင်ဖယ်သေနတ်နဲ့ အကြိမ်ကြိမ် ပစ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံးအောင် ပစ်ခဲ့သူပါ။ ပစ်ခတ်ရတဲ့ အကြောင်းကတော့ ကားစီးလာသူတွေက လူမည်းတွေ ဖြစ်နေလို့ပါပဲ။
ကျနော် ဒီ လွတ်ငြိမ်းချမ်းသာခွင့်တွေကို မပေးချင်ခဲ့ပါဘူး။ ANC ဘက်က အတင်းအကျပ် တောင်းဆိုပါတယ်။ ကျနော် အပေးအယူ လုပ်ခဲ့ရတဲ့ ကိစ္စတွေထဲမှာ ရင်အနာဆုံးနဲ့ လုပ်ဆောင်ခဲ့ရတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် ရှေ့ကို ဆက်သွားနိုင်ဖို့ ဆိုရင် ကျနော်တို့ ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှပဲ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေ ရရှိနိုင်မှာပါ။ ဒီလို ပြဿနာတွေကတော့ အကြမ်းဖက် ပဋိပက္ခတွေကနေ လွတ်မြောက်လာတဲ့ နိုင်ငံတိုင်းမှာ ပေါ်လာတတ်မယ့် ပြဿနာမျိုးတွေပါ။ ဒီလိုပြဿနာတွေက မူဝါဒအခြေခံအပေါ် ရပ်တည်ပြီး ဖြေရှင်းကြရမယ့် ပြဿနာတွေပါ။ အာဏာကို စွန့်လွှတ်ကြရမယ့် သူတွေရဲ့ အကြောက်တရားကို ရလာမယ့် အဖြေတွေက ပြေပျောက်အောင် လုပ်ပေးသင့်ပါတယ်။ ပေးဖို့ အဆင့်သင့်မဖြစ်သေးတဲ့ တန်ဖိုးတွေကို ပေးစရာမလိုဘူးလို့လည်း သူတို့ကို အာမခံ ပြောကြားသင့်ပါတယ်။ ဒီလို သင်ခန်းစာတွေက အီဂျစ်၊ တူနီးရှား၊ ဒီကနေ့ လစ်ဗျား၊ ကွန်ဂို၊ ဆူဒန်၊ မြန်မာနဲ့ ဆီးရီးယား၊ အစ္စရေးနဲ့ ပါလက်စတိုင်း နိုင်ငံတွေမှာလည်း အသုံးတည့်မယ်လို့ ကျနော်ယူဆပါတယ်။
အခုလို ပြဿနာ ဖြစ်နေရတဲ့ နေရာဒေသတွေမှာ ဘာကြောင့် နိုင်ငံရေးအရရှေ့ကို မတိုးတက်နိုင်တာလဲလို့ ခင်ဗျားတို့ စိစစ် သုံးသပ်ကြည့်မယ်ဆိုရင်၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှု သံသရာစက်ဝန်းကို ချေဖျက်ဖို့ ခေါင်းဆောင်တွေက ဘာကြောင့် လက်ဦးမှုရယူ မလုပ်ကိုင်ကြတာလဲ ဆိုတာကို ခင်ဗျားတို့ စိစစ်ကြည့်မယ်ဆိုရင်၊ ညှိနှိုင်းအဖြေရှာ အပေးအယူလုပ်တဲ့ လမ်းကြောင်းကို ဘာကြောင့် မရှာဖွေနိုင်ကြတာလဲ ဆိုတာကို ခင်ဗျားတို့ စိစစ်ကြည့်မယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ အချက်တွေက ကမ္ဘာကြီးရဲ့ ပြဿနာဖြစ်နေတဲ့ နေရာဒေသတွေမှာ ပြဿနာတွေ ပြေလည်စေဖို့အတွက် နှလုံးသားနဲ့ နာယူရမယ့် သင်ခန်းစာတွေ ဖြစ်ပါတယ်။
နိုင်ငံရေး သိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမားက “အခုအချိန်ဟာ သမိုင်းရဲ့ နိဂုံးခရီးဆုံး” လို့ ပြောသွားခဲ့ပါတယ်။ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား၊ သမိုင်းဟာ မဆုံးသေးပါဘူး။ ကျနော်တို့က သမိုင်းကို နောက်တကြိမ် ပြန်ရေးနေကြပါပြီ။ အစွန်းရောက် အစ္စလမ် အကြမ်းဖက်ဝါဒဟာ ခေတ်သစ်တခုအဖြစ် ပြန်လို့ ပေါက်ဖွား ပျံ့နှံ့နေပါတယ်။ လူတွေ ပြောဆိုနေကြတဲ့ အရင်းရှင်စနစ် ကျဆုံးခန်း၊ ဒါမှမဟုတ် ပိုလို့ တိတိကျကျ ပြောရရင် ကျနော်တို့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကြတဲ့ အရင်းရှင်စနစ် ပုံစံမျိုးရဲ့ ကျဆုံးခန်း စတာတွေက ခေတ်သစ်တခုကို ဖန်တီးနေကြပါတယ်။ သမိုင်းဟာ ပြီးဆုံးစရာ အကြောင်းမရှိပါဘူး ခင်ဗျား။
ANC မှာရှိတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြိုက်လို့ ပြောပြောနေတတ်တဲ့ စကားရှိပါတယ်။ “တိုက်ပွဲက ဆက်ရှိနေဦးမယ်။ အမြဲတမ်း ဆက်ရှိနေပါလိမ့်မယ်”။
(အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ လီဂါတန် အင်စတီကျု (Legatum Institute) နှင့် Foreign Policy မဂ္ဂဇင်းတို့ ပူးတွဲကျင်းပသော ဒီမိုကရေစီ ဓာတ်ခွဲခန်း (Democracy Lab) ဖွင့်ပွဲအဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့က ပြောကြားသည့် တောင်အာဖရိက သမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီကလပ် (F. W. de Klerk) ၏ မိန်းခွန်းမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)
မတရားမှု နဲ့မညီမျမှုတွေ ရှိနေသမျကာလပတ်လုံး တော်လှန်ရေး ဆိုတာရပ်တန့်မနေပါဘူး။။ နယ်ဆင်မင်ဒဲလား