Showing posts with label MEMO:. Show all posts
Showing posts with label MEMO:. Show all posts

Monday, January 7, 2013

ဆရာကြီးပါရဂူ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့သတိရပွဲ စည်ကားစွာကျင်းပခဲ့

ဆရာကြီးပါရဂူ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့သတိရပွဲ စည်ကားစွာကျင်းပခဲ့

စာပေပညာရှင် ဆရာကြီးပါရဂူ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့ သတိရတဲ့အနေနဲ့ စာပေဟောပြောပွဲ၊ စာအုပ်ဈေးရောင်းပွဲနဲ့ တေး ဂီတ ဖျော် ဖြေပွဲတွေကို ဆရာကြီးတည်ထောင်ခဲ့တဲ့ ပါရဂူရှန်တိနိကေတန် စာကြည့်တိုက် ထိန်းသိမ်းရေးကော်မတီမှ ဦးစီးပြီး ဇွန်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဗိုလ်တထောင်ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်ရှိ Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနား ပထမနေ့မှာ အလင်္ကာ ၀တ်ရည် မြန်မာသံတေးဂီတအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဒုတိယနေ့မှာ စာရေးဆရာ လယ်တွင်းသား စောချစ်၊ ဆရာဖေမြင့်နဲ့ ဆရာမဂျူးတို့က ဆရာကြီးပါရဂူ ရေးသားခဲ့တဲ့ စာအုပ်တွေနဲ့ ဆရာကြီးနဲ့ ဆက်နွှယ်တဲ့အမှတ်တရ အကြောင်းအရာ တွေကို ဟောပြောခဲ့ကြပါတယ်။

ဆရာကြီးရဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ရေးသားခဲ့တဲ့ စာအုပ်တွေ ကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။
ဒီအမှတ်တရပွဲဟာ ဆရာကြီးပါရဂူ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကို ရည်စူးတဲ့ အပြင် ပါရဂူရှန်တိနိကေတန်စာကြည့်တိုက်ကြီး ရေရှည်တည်တံ့အောင်မြင် အောင်၊ ဘဏ္ဍာငွေတိုးအောင်၊ ၀န်ထမ်း တွေကို လစာပုံမှန် ပေးနိုင်အောင်နဲ့ စာကြည့်တိုက်မှာ လိုအပ် နေတဲ့ စာအုပ် တွေ၊ စာအုပ်စင်တွေအတွက် ရန်ပုံငွေ တစ်ရပ်ဖြစ်စေဖို့လည်း ရည်ရွယ်ပြီး စီစဉ်ဖြစ်ခဲ့တယ်လို့ စာကြည့် တိုက်ထိန်း သိမ်းစောင့်ရှောက်ရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူးတာဝန်ယူထား တဲ့ ဦးရဲထက်က ပြောပါတယ်။
"ဆရာကြီး တည်ထောင်ခဲ့တဲ့ ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်ကို စာကြည့်တိုက်ထိန်းသိမ်းစောင့်ရှောက် ရေးကော်မတီနဲ့ ဆရာကြီးရေးသားခဲ့တဲ့ စာပေလက်ရာတွေအတွက် မူပိုင်ခွင့် ထိန်းသိမ်းရေးကော်မတီဆိုပြီး အဖွဲ့ နှစ်ဖွဲ့နဲ့ ဆက်လက်လုပ်ဆောင်နေပါ တယ်။ အခု ရန်ပုံငွေပွဲရဲ့ ရည်ရွယ်ချက်ကလည်း စာကြည့်တိုက်အတွက် ငွေပဒေ သာပင်ထားရှိပြီး ရလာတဲ့ဘဏ်တိုးနှုန်းနဲ့ စာကြည့်တိုက်ရဲ့ ကုန်ကျစရိတ်တွေ ကို ပြန်လည်ဖြည့်ဆည်းနိုင်အောင်ပါ"လို့ ဦးရဲထက်က ပြောပါတယ်။
ဒါကြောင့် စာရေးဆရာပေါင်းများ စွာ ပါဝင်ရေးသားထားတဲ့ 'ပါရဂူ' စာအုပ်ကိုလည်း အခမ်းအနားမှာ မိတ်ဆက်ရောင်းချခဲ့ပြီး ပွဲကျင်းပ ခဲ့တဲ့ နှစ်ရက်တာအတွင်း အလှူငွေကျပ် ၅၄ သိန်း ရရှိခဲ့တယ်လို့ သိရပါတယ်။
"ပြီးခဲ့တဲ့လက ဆရာကြီးကွယ်လွန် ခြင်းတစ်နှစ်ပြည့် အမှတ်တရအနေနဲ့ ဆရာကြီးရဲ့ လုပ်ဖော်ကိုင်ဖက်၊ တပည့် စာရေးဆရာ တော်တော်များများက ဆရာကြီးအတွက် အမှတ်တရဆောင်းပါး တွေ၊ ၀တ္ထုတိုတွေရေးကြတယ်။ အဲဒီထဲ ကမှ စာမူတချို့ကို ပြန်ရွေးထုတ်ပြီး 'ပါရဂူ'ဆိုတဲ့ စာအုပ်ကိုပြန်ထုတ်တာပါ။ ရောင်းဈေး ကျပ် ၃,၅၀၀ ပေမယ့် ဒီ နှစ်ရက်အတွင်းမှာတော့ တစ်အုပ်ကျပ် ၂,၈၀၀နဲ့ ရောင်းချပေးပါတယ်" လို့ ဦးရဲထက်က ပြောပါတယ်။
ဇွန်ပွင့်၊ သီဟရတနာ၊ တူဒေးစတဲ့ စာအုပ်တိုက်ပေါင်း ၂၀ ကျော်ကလည်း ပါဝင်ပူးပေါင်းပြီး စာအုပ်တွေ ရောင်းချ ခဲ့ကြပါတယ်။
ဆရာကြီးပါရဂူ ဦးစီးပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်ဟာ အမှတ် ၉၈၈/၉၉၀၊ ဦးပုညလမ်း (၁၆) ရပ်ကွက်၊ ရွှေပေါက်ကံမြို့သစ်မှာ တည်ရှိပြီး ဆရာကြီးပါရဂူဟာ ၂၀၁၁ ခုနှစ် ဧပြီ လ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ ပါတယ်။

တက္ကသိုလ် ဘုန်းနိုင်သို့ တမ်းတမိခြင်း ၁၀ နှစ်ပြည့်နှင့် လွမ်းရမိခြင်း ဂီတဆည်းဆာ

တက္ကသိုလ် ဘုန်းနိုင်သို့ တမ်းတမိခြင်း ၁၀ နှစ်ပြည့်နှင့် လွမ်းရမိခြင်း ဂီတဆည်းဆာ
တက္ကသိုလ်ဘုန်းနိုင်သို့ တမ်းတမိခြင်း ၁၀နှစ်ပြည့်နှင့် လွမ်းရမိခြင်း ဂီတဆည်းဆာညချမ်းကို ဧပြီ လ ၂၈ ရက်နေ့ ညနေ ၆ နာရီက ပြင်သစ်ယဉ်ကျေးမှုဌာန မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းပွဲကို ဦးဆောင်စီစဉ်ကျင်းပကြသူများမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်၏သားဖြစ်သူ ဆရာဘုန်းတင့်ကျော်နှင့် ဂီတနက်သန် ဆရာစောညိမ်း ၏မြေးဖြစ်သူ ကိုသိုက်ဦးတို့ဖြစ်ကြပြီး  ဆရာကြီးရေးသားခဲ့သည့် စာအုပ်များကိုအမှတ်တရ ရောင်းချခဲ့သည်။ အဆိုပါပွဲသို့ စာပေလောကမှ စာရေးဆရာကြီးများ၊ ဂီတလောကမှ ပညာရှင်များနှင့် ဆရာတက္ကသိုလ် ဘုန်းနိုင်၏ စာဖတ်ပရိသတ်များ လာရောက်ခဲ့ကြသည်။
အစီအစဉ်စတင်ချိန်တွင် ပထမဦးဆုံးအနေဖြင့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်းကို မြန်မာ၊ ပြင်သစ်နှစ်ဘာသာဖြင့် ဖတ်ကြားခဲ့ပါသည်။ ထို့နောက်တွင် ပြင်သစ်ယဉ်ကျေးမှုဌာန တာဝန် ခံဖြစ်သူ Marina PERILLAT မှ အမှတ်တရစကားပြောကြားရာတွင် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ အမှတ်တရအစီအစဉ်ကို ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ကျင်းပခွင့်ရရှိခြင်းအတွက် ၀မ်းမြောက်ကြောင်းနှင့် ဆရာကြီးရေးစပ်ခဲ့သည့် တေးသွားများဖြင့် ဆရာကြီး၏ကမ္ဘာကို ရှာဖွေခံစားကြပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်တွင် ဂီတနက်သန် ဦးအုန်းလွင် ရေးစပ်ထားသော ဂန္တ၀င် အမွေ(သို့မဟုတ်) တက္ကသိုလ်ဘုန်းနိုင်သို့သီချင်းကို ဂုဏ်ပြုသီဆိုပါသည်။ ထို့နောက်တွင် မြန်မာစာပါမောက္ခ ဦးခင်အေး(မောင်ခင်မင်၊ ဓနုဖြူ)က အမှတ်တရ စကားပြောကြားပါသည်။
တက္ကသိုလ်ဘုန်းနိုင်သို့ တမ်းတမိခြင်း ၁၀ နှစ်ပြည့်နှင့် လွမ်းရမိခြင်း ဆည်းဆာ အစီအစဉ်တွင် ဆရာကြီးရေးစပ်ခဲ့သည့် တေးသီချင်းများကို လွမ်းဟဖွင့်ဆိုခံစားခြင်း အစီအစဉ်တွင် တက္ကသိုလ်နန်း၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ်၊ စွန့်ခွာရသည့် နွေညများ၊ ကိုယ့်အလှဘ၀ ငွေလမင်း၊ နွေကန္တာဦး(သို့)နှင်း မပျောက်တဲ့ မြေ၊ လွမ်းတေးမဆုံးစေနှင့် စောသခင် သီချင်းများကို တက္ကသိုလ်လဲ့လဲ့၊ မောင်မောင်အေး၊ နှင်းရည်သန့်၊ ဇော်မင်းထွန်း၊ ရီရီသန့်၊ ဇေယျာပြည့်ဖြိုး တို့က အသီးသီးသီဆိုခဲ့ကြသည်။
“ဖေဖေ ကွယ်လွန်ပြီး တစ်နှစ်ပြည့်တုန်းက စာပေဟောပြောပွဲလေး လုပ်ခဲ့တယ်။ နောက်အခု ဆယ်နှစ်ပြည့်ကြတော့ ဖေဖေ့သီချင်းတွေ ကိုပြန်လည် ဖော်ထုတ်တဲ့အနေနဲ့ဂီတ ပွဲ လုပ်ချင်တယ်။အဲဒီတော့ ဒီဂီတပွဲ ကို ဆရာတယော ဦးတင်ရီက စေတနာနဲ့ တီးပေးမယ်ဆိုတဲ့အတွက် အမှတ်တရ လုပ်ဖြစ်ကြတာပါ။ အခုလို ပွဲလုပ်တော့ ဖေဖေ့ကိုအရမ်းသတိ ရတယ်။ တစ်ဖက်ကတော့ ဖေဖေ့ရဲ့ မြန်မာသံသီချင်းတွေကို ပြန်ဖော်ထုတ် ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိတယ်” ဟု ဆရာကြီးတက္ကသိုလ် ဘုန်းနိုင်၏ သားဖြစ်သူ ဆရာ ဘုန်းတင့်နိုင်(ကံ့ကော်ဝတ်ရည် စာပေတိုက်)မှ ပြောပြခဲ့သည်။
လွမ်းရမိခြင်း ဂီတဆည်းဆာပွဲတွင် တေးသီချင်းများကို တယော ဦးတင်ရီ၊စန္ဒယား ဦးခွန် တင်ကြွယ်၊ ဗုံရွာစား ဦးအောင်ဝမ်းတူး(နိုင်ငံတော်တီးဝိုင်း)၊ စည်းဝါး ရွာစား စိန်တင့်ဘို (နိုင်ငံတော်တီးဝိုင်း)၊ ဂီတနက်သန် ဦးမောင်မောင်ကြည်၊ ဂစ်တာ ဦးမင်းမင်း၊ စန္ဒရား ဦးခင်လှ နှင့် ဂီတအဖွဲ့သားများက တီးခတ် ပေးခဲ့ကြောင်း သိရသည်။
“ အဘက ငယ်ငယ်ကတည်းက တက္ကသိုလ်ဆရာဘုန်းနိုင်၊ ဦးစောညိမ်း စတဲ့သူတို့ရဲ့သီချင်းကို စဉ်ဆက် မပြတ်တီးလာခဲ့တာပါ။ အခုလိုပွဲလုပ်တဲ့အခါ တာဝန်တစ်ခုလိုကိုဖြစ်နေ တယ်။နောက်ပြီး အမှတ်တရလည်း ဖြစ်တယ်လေ။ အဘက သူ့ရဲ့ စာအုပ်တွေကိုသာ စုံစေ့အောင် မဖတ်နိုင်ပေမယ့် သူ့ရဲ့သီချင်းတွေကိုတော့ အကုန်လုံးတီးဖူးခဲ့ပါတယ်” ဟု  တယော ဦးတင်ရီက အမှတ်တရ ပြောပြခဲ့ပါသည်။
ထို့နောက် တေးသံရှင် ရီရီသန့်၊ စိမ်းလဲ့လဲ့၊ ဖိုးသောကြာ၊ နန်းလေး၊ ပန်းအိဖြူ၊ သိုက်ဦး တို့က တက္ကသိုလ် ဘုန်းနိုင်ရေးသားခဲ့သည့် ပတ္တမြားပွင့်တို့ သမိုင်းပြောကြသည်၊ မေတ္တာငွေသောင်ဦး၊ မေတ္တာစေကျွန်၊ လရောင်မချစ်သောပန်းနှင့် ပန်းကို မချစ်သောလ၊ မေတ္တာများနှင့် စိန်ပန်းနီနီ၊ ထားသခင် သီချင်းများကို သီဆိုခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။